ရိခေါ်ဒါရ်မြို့ကို ဒေသခံများကိုယ်တိုင် ဖော်ဆောင်သည့် ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်မည်

ရိခေါ်ဒါရ်မြို့ကို ဒေသခံများကိုယ်တိုင် ဖော်ဆောင်သည့် ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်မည်
နိုဝင်ဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့၏ လူထုလုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်မှုအဆင်ပြေစေရေးအတွက် ဒေသခံများကိုယ်တိုင်ဖော်ဆောင်သည့် ပြည်သူ့အုပ်ချုပ်ရေးကို ပူးတွဲအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ထံမှ သိရသည်။

CNF နှင့် HPO အနေဖြင့် လူထုလုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနှင့် အမှတ်(၂) အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်မှု အဆင်ပြေစေရေးကို ရှေ့ရှုလျက် ဒေသခံများကိုယ်တိုင်ဖော်ဆောင်သည့် ရိခေါ်ဒါရ်မြို့ပြည်သူ့အုပ်ချုပ်ရေးကို ပူးတွဲ၍ ဆက်လက်အကောင်အထည်ဖော်မည်ဟု ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ရိခေါ်ဒါရ်မြို့သည် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် ပြည်သူ့လုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အထူးလိုအပ်နေသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် CNF၊ HPO တပ်ဖွဲ့များက တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများကို ဒေသတွင်းသို့ လုံခြုံချောမောစွာ ပြန်လည်ဝင်ရောက်လာနိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် နယ်မြေရှင်းလင်းရေးတို့ကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို နိုဝင်ဘာလ(၁၃)ရက်နေ့တွင် CNA၊ CDF-Zanniatram၊ PDA Tedim၊ CDF ထန်တလန်နှင့် ဒေသအခြေစိုက် CDF Hualngoramတို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ယာယီစစ်ရှောင် ဒေသခံပြည်သူများ၊ ဒဏ်ရာရ ရဲဘော်များနှင့် ပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးသော မီဇိုရမ်ပြည်နယ်အစိုးရအပါအဝင် အိန္ဒိယဗဟိုအစိုးရ၊ မီဇိုရမ်ဒေသခံများ၊ လူမှုအသင်းအဖွဲ့များအား ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency