ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေး

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေး
ဇန်နဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ထန်းတပင်မြို့နယ်ရှိ စစ်‌ကောင်စီတပ်စခန်း (၂)ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒေးလိုကျေးရွာအုပ်စု၊ မူဆာလေးတွင် တပ်စွဲထားသော ကလောမီဒဲစခန်းထောက် မူဆာလေးစခန်းနှင့် သောက်ရေခပ်အမှတ်(၂) ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာလုံခြုံရေးယူထားသော တပ်စခန်းတို့မှ စကခ (၂၀)အောက်ရှိ ခမရ (၅၈၁)တပ်သားများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စခန်းများ စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၆)မှ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ကလည်း ဖလေးဆာလိုတပ်စခန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် ကလောမီဒဲ တပ်စခန်းကြီးတို့မှ စစ်ကောင်စီတပ်သားများလည်း စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သည်။

စစ်ကောင်စီတပ်များသည် (၅)ရက်အတွင်း တပ်စခန်း (၄)ခုကို စွန့်ခွာသွားကြခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency