ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က တစ်မနက်အတွင်း လေကြောင်းကနေ (၅)ကြိမ် တိုက်ခိုက် 

ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က တစ်မနက်အတွင်း လေကြောင်းကနေ (၅)ကြိမ် တိုက်ခိုက် 
နိုဝင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့ မနက်ပိုင်းအတွင်း လေကြောင်းကနေ  (၅)ကြိမ်တိုက်ခိုက်သည်ဟု သိရသည်။

“ ယနေ့ တစ်မနက်ထဲတွင် အကြမ်းဖက်စစ်တပ်မှ ထီးချိုင့်မြို့ပေါ်အား (၅)ကြိမ်တိတိ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှူများ မီးရှို့မှုများ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်မှုများကြောင့် အလွန်အေးချမ်းသာယာသော ထီးချိုင့်မြို့ကြီးသည် အလုံးစုံပျက်သုဉ်းခြင်းသို့ရောက်ရှိသွားပြီဖြစ်သည်။”ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ကတည်းက စစ်ကောင်စီတပ်က ထီးချိုင့်မြို့ကို လေကြောင်းမှ တိုက်ခိုက်နေခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

ထီးချိုင့်တွင် တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြို့တွင်း ပြည်သူလူထုနေထိုင်ရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်းတို့ကိုလည်း လုပ်နေသည့်အပြင် ပြည်သူများ တိမ်းရှောင်ခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။