စစ်ကောင်စီကို လူအစားထိုးခြင်းများ ပြုလုပ်

စစ်ကောင်စီကို လူအစားထိုးခြင်းများ ပြုလုပ်
သြဂုတ် 2, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ခန့်အပ်ထားသည့်ဝန်ကြီးများကို ဖြုတ်ခြင်း၊ ကောင်စီအကြံပေးခန့်အပ်ခြင်းများကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် ပြုလုပ်ပြီး ကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းလာသည်ကို တွေ့ရသည်။ 

ကာလုံခေါ်၍ (၆)လတစ်ကြိမ် သက်တမ်းတိုးတိုင်း စစ်ကောင်စီသည် ဝန်ကြီးခန့်ခြင်း၊ ဖြုတ်ခြင်းများကို ပြုလုပ်လေ့ရှိပြီး ယခုတစ်ကြိမ်တွင် ဝန်ကြီး(၄)ဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လူ့အခွင့်အရေးကော်မရှင်၊ တရားသူကြီးချုပ်နှင့် စာရင်းစစ်ချုပ်တို့ကိုပါ တာဝန်မှ အနားပေးလိုက်သည်ဟုဆိုကာ ဖြုတ်လိုက်သည်ကို တွေ့ရသည်။

ဖြုတ်လိုက်သည့် ဝန်ကြီးများမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ဖြစ်ပြီး စာရင်းစစ်ချုပ် ဦးတင်ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဒေါက်တာဌေးအောင်၊ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးလှမြင့်နှင့် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့ကိုလည်း ဖြုတ်လိုက်ခြင်းဖြစ်သည်။ 

စစ်ကောင်စီအဖွဲ့ဝင်များအနက်မှ ဦးမောင်ကိုနှင့် ဒေါက်တာအောင်ကျော်မင်းကို ဖြုတ်ပြီး ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေတို့အား အစားထိုးသည့်အပြင် ဒေါက်တာကျော်ထွန်းအား ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ်အသစ် ခန့်အပ်လိုက်သည်ကို တွေ့ရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဒေါက်တာဌေးအောင်သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ကမှ ခန့်အပ်ခံထားရသူဖြစ်ပြီး ဖြုတ်လိုက်သည့် ဝန်ကြီးများနေရာတွင် မည်သူ့ကို အစားထိုးခန့်အပ်သည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency