အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ်အဖြစ် အဓမ္မခေါ်ဆောင်ခံရသည့် ဒေသခံ ၃၀ ကျော်ကို PDF တပ်များကယ်ထုတ်

အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ်အဖြစ် အဓမ္မခေါ်ဆောင်ခံရသည့် ဒေသခံ ၃၀ ကျော်ကို PDF တပ်များကယ်ထုတ်
ဇန်နဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာထိပ်တွင် ပြည်သူ့စစ်အဖြစ် အဓမ္မခေါ်ခံရသည့် ဒေသခံ(၃၀)ကျော်ကို ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ထံမှ သိရသည်။

ကမ်းနီနှင့် ဆင်တဲကုန်းကျေးရွာတို့မှ ဒေသခံများကို ပြည်သူ့စစ် သင်တန်းတက်ရန် အတင်းအဓမ္မ လူစုနေသည့် စစ်ကောင်စီတပ်သားများအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon(GBK-PDF)နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA (GBK-PDF) ရဲဘော်များက (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားများ ဝရုန်းသုန်းကားဖြစ်နေစဥ် ပြည်သူ(၃၀)ကျော်အား ပူးပေါင်းတပ်ဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့ပြီး  အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် (၁)နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး လက်ဖျံထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုကို အတည်မပြုနိုင်သေးပါ။

#TachileikNewsAgency