နမ့်ဆန်တွင် စစ်ကောင်စီတပ်လက်နက်ကြီးကျည်ကျကာ ကလေးတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

နမ့်ဆန်တွင် စစ်ကောင်စီတပ်လက်နက်ကြီးကျည်ကျကာ ကလေးတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
နိုဝင်ဘာ 21, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့ ည(၁၂)နာရီဝန်းကျင်က  စစ်ကောင်စီတပ်၏ နမ့်ဆန်မြို့တပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အုမ်းစွမ်ရွာဒေသခံ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ရာ  အုမ်းစွမ်ကျေးရွာအတွင်း (၃)လုံးကျရောက်ပေါက်ကွဲသဖြင့် အသက် (၁၄)နှစ်အရွယ် (၆)တန်းကျောင်းသူ လွေးမြသန္တာလင်း၏ ရင်ဘက်အားထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်နက်ကြီးစထိမှန်မှုကြောင့် လွေးမော်မော်စန်း အသက် (၁၄)နှစ်၊ မိုင်းရဲလင်းနောင် အသက် (၁၈)နှစ်၊ ယာမြညွန့် အသက် (၄၈)နှစ်နှင့် တာထွန်းလှ အသက် (၅၀)တို့ ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။ 

ယမန်နေ့ နေ့လယ်အချိန်တွင်လည်း စစ်ကောင်စီတပ်၏ နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်းနှင့် ကျောက်မဲမြို့ တပ်စခန်းမှနေ၍ မြို့သစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် (၃၂)ကြိမ် ပစ်ခတ်ခဲ့သည်။

အဆိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်နေရာသည် စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရည်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : PSLF/TNLA News