ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း (၁၀)ရက်ကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း (၁၀)ရက်ကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်း (၁၀)ရက်ကျော်အကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလယ်ပိုင်းတိုင်း  ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းက ဇွန်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများသေနေစဉ်

ဖယ်ခုံမြို့နယ်အတွင်း ၂၀၂၃ခုနှစ်၊ မေလ(၂၀)ရက်နေ့က စတင်ကာ မေလ(၃၁)ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က (၂၀)ဦးထက် မနည်းသေကြောင်း သိရသည်။

မေလ(၂၀)ရက်နေ့တွင် ဖယ်ခုံဖက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ခေါင်အိကျေးရွာနှင့် လတူးရွာကြားတွင် တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်ဖက်မှ အထိအခိုက်များရှိခဲ့ပြီး မေလ (၂၁) ရက်နေ့တွင် နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်၏ ကင်းထောက် ဒရုန်းတစ်စင်း၊ ကျည်အချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မေလ (၂၂)ရက်နေ့တွင် လွယ်လုံရွာဖက်၌ စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲ(၂) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၁၂)ဦးကျော် သေကာ အလယ်ပိုင်းတိုင်း DMO-PDF(၁၁၀၂)တပ်ရင်းမှ ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

ဆက်လက်၍ မေလ (၂၃)ရက်နေ့တွင် စက်တော်ရွာနှင့် ခေါင်အိရွာကြား၌ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဘက်က (၁)ဦးသေကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မေလ(၃၀)ရက်နေ့တွင် စစ်တော်ရွာ၌ တိုက်ပွဲထပ်ဖြစ်ရာ စစ်ကောင်စီတပ်ဘက်က (၂)ဦးသေကာ မဟာမိတ်တပ်ဘက်က (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တော်ရွာ၌ပင် မေလ(၃၁)ရက်နေ့ကလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၅)ဦးအထက် သေကာ မဟာမိတ်တပ်ဖွဲ့များဘက်က (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားသုံးသလို လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်ကြောင်း သိရသည်။