ရေးမြို့တွင် အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်၊ ဉူးဇင်းတစ်ပါး ဒဏ်ရာရ

ရေးမြို့တွင် အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်၊ ဉူးဇင်းတစ်ပါး ဒဏ်ရာရ
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်၏ နံနက်ပိုင်းက အာဏာသိမ်းစစ်အုပ်စုက ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် လက်နက်ကြီး နှင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ လူနေအိမ်နှင့် ဘုန်းကြီးကျောင်းတို့ပျက် စီးပြီး ကိုရင်တစ်ပါးပျံလွန်ကာ ဉူးဇင်းတစ်ပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်အား (၆၀)ဝန်းကျင်ပါသည့် အာဏာသိမ်းစစ်အုပ်စု၏ စစ်ကြောင်းကို အောင်သပြေနှင့်လိမ္မော်ခြံရွာအကြား သားဂျယ်ခီးနေရာတွင် တောင်ညိုပြည်သူ့‌ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ရေးမြို့မှ စစ်ကူတက်လာသည့် စစ်ကား(၂)စီးသည် သားဂျယ်ခီးနေရာတွင် သေဆုံး၊ ဒဏ်ရာရအာဏာသိမ်းစစ်အုပ်စုတပ်သားများကို သယ်ယူတင်ဆောင်သွားပြီး ရေးမြို့ဘက်သို့ပြန်ဆင်းစဥ် လိမ္မော်ခြံအနီး ညနေပိုင်း၌  ထတောင်ညိုပြည်သူ့‌ပြောက်ကျားတပ်ဖွဲ့က ထပ်မံ၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများရှိခဲ့ပြီး ကားတစ်စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်အုပ်စု၏ အမြောက်တပ်(၃၁၇)မှ ညနေနာရီတွင် လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စုစည်းမြိုင်ရွာတွင်းသို့ (၄)လုံး ကျရောက်ပေါက်ကွဲ၍ လူနေအိမ်၊ ဘုန်းကြီး ကျောင်းတို့ ပျက်စီးခဲ့ကာ စုစည်းမြိုင်ဘုန်းကြီးကျောင်းရှိ ကိုရင်‌ (၁)ပါးပျံလွန်တော်မူပြီး၊ ဥူးဇင်းကြီး(၁)ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။