ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၅)ဦးကို CDF-Daai က ဖမ်းဆီးရမိထား

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၅)ဦးကို CDF-Daai က ဖမ်းဆီးရမိထား
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ဒရ်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၅)ဦးကို  CDF-Daai က ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်းတို့သည် စစ်ကောင်စီတပ်၏ တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၇)၊ ခမရ (၃၇၆)၊ ခမရ(၅၃၈)၊ ခမရ (၂၂၀)၊ ခမရ(၂၁၉)၊ ခမရ(၃၈)၊ ခမရ(၅၈၇)နှင့် ခမရ(၉၀၈)တို့မှ ထွက်ပြေးလာသူများဖြစ်ပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလာသူများမှာ ဗိုလ်ကြီးအဆင့် (၁)ဦး၊ ဗိုလ်(၁)ဦး၊ ထောက်လှန်းရေးအရာရှိ (IO) (၁)ဦး အပါအဝင် အခြားအဆင့် ရဲဘော်များအပါအဝင် စုစုပေါင်း (၁၅)ဦးတို့ ပါဝင်ပြီး ၎င်းတို့ထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိထားသူ (၃)ဦးနှင့် သာမာန်ဒဏ်ရာ ရရှိထားသူ (၂)ဦး ပါရှိသဖြင့် CDF - Daai က ဆေးကုသမှုများ ပြုလုပ်ပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နိုင်ငံတကာ စစ်ဖက်ဆိုင်ရာဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။

CDF - Daai အနေဖြင့် ဒိုင်ရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ရေကြောင်းဖြင့်သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၄)ရက်နေ့အထိ မပြုလုပ်ကြရန် သတိပေးထားသည်။