ရှမ်းမြောက်ရှိ စစ်ရှောင်များအတွက် ကျပ်သိန်း ၃၀၀ ကျော် NUG ထောက်ပံ့ထား

ရှမ်းမြောက်ရှိ စစ်ရှောင်များအတွက် ကျပ်သိန်း ၃၀၀ ကျော် NUG ထောက်ပံ့ထား
နိုဝင်ဘာ 18, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် NUGက လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ငွေကျပ်သိန်း(၃၀၀)ကျော် ထောက်ပံ့ထားပြီးဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေရာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများနှင့် ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများအတွက် နိုဝင်ဘာလ (၁၆)ရက်နေ့အထိ ငွေကျပ် သိန်း(၃၀,၉၅၀,၀၀ဝ)ထောက်ပံ့ထားပြီးဖြစ်သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် အရပ်သားပြည်သူများ ထိခိုက်ခံစားရမှုအနည်းဆုံး ဖြစ်စေရန်အတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးနေသည်ဟု ဆိုသည်။

အဆိုပါနေရပ်စွန့်ခွာပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် လူသုံးကုန်ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု လို အပ်ချက်များကိုလည်း ပူးပေါင်းပါဝင်ပံ့ပိုးကြရန် NUGက တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : NUG