စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် လူထုကို နိုင်ငံရေးနည်းနှင့် လှည့်စားနေခြင်းကို ခပ်စိပ်စိပ်တွေ့လာရဟု NUG ယာယီသမ္မတပြော

စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် လူထုကို နိုင်ငံရေးနည်းနှင့် လှည့်စားနေခြင်းကို ခပ်စိပ်စိပ်တွေ့လာရဟု NUG ယာယီသမ္မတပြော
သြဂုတ် 1, 2023 | 2021 Military Coup

စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် လူထုကို နိုင်ငံရေးနည်းနှင့် လှည့်စားနေခြင်းကို ခပ်စိပ်စိပ်တွေ့လာရပြီး စစ်ကောင်စီအနေဖြင့် အာဏာတည်မြဲရေးအတွက် လူထုကို နည်းမျိုးစုံနှင့် လှည့်ဖြားနိုင်ကြောင်း NUG၏ (၂၆)ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“လူထုကို အတုအယောင်ရွေးကောက်ပွဲနဲ့ လှည့်ဖြားဖို့ ကြိုးစားတာတွေ့ရတယ်။ ဒါ့အပြင် တစ်နှစ် နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်ဆိုပြီး အာဏာသိမ်းမှုနောက်ပိုင်းမှာ လိမ်ညာခဲ့ပါသေးတယ်။ အခုလည်း ၂၀၀၈ အခြေခံဥပဒေကို အကြောင်းပြပြီး စစ်ကောင်စီက သက်တမ်း (၆)လ ထပ်တိုးတာမျိုး လုပ်လာတယ်။ စစ်ကောင်စီရဲ့ အာဏာအပေါ် တပ်မက်မှုက အတော်ကြီးလောဘကြီးနေတာ တွေ့ရပါတယ်။”ဟု ယာယီသမ္မတကပြောသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက်ဆိုပါက မည်သည့်အရာကိုမဆို ချနင်းရန်လည်း ဝန်မလေးဘူးဆိုသည်မှာ ထင်ရှားကြောင်း လက်ရှိတွင် ပြည်သူလူထုသည် စစ်ကောင်စီ၏ ချနင်းခြင်းကို ခံနေကြရပြီး ယင်းကိုလည်း အစွမ်းကုန် ပြန်လည်ကာကွယ်တားဆီးရန် အထူးတာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ ဆိုးယုတ်မှုများကို မျက်ဝါးထင်ထင် သိနားလည်ထားကြပြီး ဖြစ်သော်လည်း စစ်ကောင်စီ၏ ဆိုးယုတ်မှုများကို တိတိကျကျနားလည်လာရန် ပြည်သူကို အမြဲတင်ပြနေရန်လည်း လိုနေအပ်ကြောင်းလည်း ပြောသည်။

“စစ်ကောင်စီလက်အောက်က စစ်သားတွေနဲ့ သူတို့ရဲ့ တပ်မိသားစုတွေလည်း စစ်ကောင်စီရဲ့ လုပ်ဇာတ်တွေကို သေချာနားလည်သဘောပေါက်ဖို့လိုပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးနည်းအားဖြင့်လည်း လုပ်ဖို့လိုသလို သွယ်ဝိုက်သောနည်းအားဖြင့် လုပ်ရမယ့်ကိစ္စတွေကိုလည်း လုပ်ကြရပါလိမ့်မယ်။ ဒါမှသာလျှင် စစ်ကောင်စီ လက်အောက်က တပ်ဖွဲ့တပ်သားတွေဟာ အမြင်မှန်ရလာပြီး ပြည်သူ လူထုနဲ့ ပူးပေါင်းလာနိုင်မှာ ဖြစ်ပါတယ်။”ဟု ပြောသည်။

NUGသည် ပြည်သူ့အကျိုးစီးပွားကိုရှေ့ရှုပြီး ရပ်တည်နေသည့် တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်ကာ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးသည် NUG၏ အဓိက တာဝန်တစ်ရပ်ဖြစ်သည့်အပြင် ပြည်သူ့ဘက်တော်သား အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေးသည်လည်း NUGလုပ်ရမည့် အဓိက လုပ်ငန်းစဉ်ထဲတွင် ပါဝင်ကြောင်း ပြောသည်။

“ကျွန်တော်တို့ဟာ လူထုကို မှန်ကန်သော လုပ်ရပ်တွေနဲ့ သက်သေပြပြီး စည်းရုံးနိုင်ရမယ်။ ဒါ့အပြင် ရန်သူ့ဘက်က အစုအဖွဲ့တွေကို ပြည်သူလူထုဘက်တော်သားတွေဖြစ်အောင် စည်းရုံးလှုံ့ဆော်တာတွေလည်း လုပ်ရပါလိမ့်မယ်။ ဒါမှသာလျှင် လူထုနိုင်ငံရေးရဲ့ အပြန့်ကျယ်မှုက ပိုမိုကြီးထွားလာမယ်လို့ ပြောနိုင်ပါလိမ့်မယ်။”ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် လူထုကို နည်းအမျိုးမျိုးနှင့် ထပ်မံလှည့်ဖြားရန် ကြိုးစားနေဦးမည်ဖြစ်ပြီး လူထုကို ဝေဝါးအောင်လုပ်ခြင်း၊ လူထုနိုင်ငံရေးလမ်းစဉ်ကို သွေဖီအောင်လုပ်ခြင်းများက ခပ်စိပ်စိပ် ဖြစ်လာနေသည်ဟုလည်း ယာယီသမ္မတကပြောသည်။

#TachileikNewsAgency