စစ်ကောင်စီ၏ လျှပ်စစ်ကားပြပွဲ ယနေ့ပြုလုပ်

စစ်ကောင်စီ၏ လျှပ်စစ်ကားပြပွဲ ယနေ့ပြုလုပ်

စစ်ကောင်စီ၏ တစ်နှစ်စီမံကိန်းလုပ်ဆောင်နေသည့် လျှပ်စစ်ကား(EV)ပြပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယနေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့မှ (၆)ရက်နေ့အထိ ပြုလုပ်နေကြောင်း သိရသည်။

လျှပ်စစ်မီး ပုံမှန်ပင်မပေးနိုင်သည့် စစ်ကောင်စီသည် ရန်ကုန်တိုင်းဒေသကြီး မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲဟုဆိုကာ EVကားပြပွဲကို ပြုလုပ်နေခြင်းဖြစ်သည်။ 

၎င်းပြပွဲပြုလုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၃၁)ရက်နေ့က ပြုလုပ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများ၊ ရန်ကုန်တိုင်း၏ စက်မှုဇုန် (၂၉)ဇုန်မှ ထုတ်ကုန်ပစ္စည်းများ၊ MSMEs ထုတ်ကုန်ပစ္စည်းများ၊ အသင်းအဖွဲ့များ၏ ထုတ်ကုန်ပစ္စည်းများလည်း အရောင်းပြပွဲတွင်ပါဝင်သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

လူအလာနည်းမည်စိုးရိမ်သဖြင့် ဆိုင်ခန်းရောင်းချမည့်သူများနှင့် ဈေးလာရောက်ဝယ်ယူကြသူများ စားသောက်ရေးအတွက် တန်ဖိုးသင့် ထမင်းဆိုင်များအပြင် ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်းထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို တင်သွင်းခွင့် လျှောက်ထားသည့်ကုမ္ပဏီ (၂၆)ခုရှိသည့်အနက်မှ Essential Motorကုမ္ပဏီ၊ Grand Siriusကုမ္ပဏီတို့အပြင် ကုမ္ပဏီ(၈)ခုက အဓိကထားတင်သွင်းနေခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာပြည်အတွင်း၌ လျှပ်စစ်ကား အစီရေ(၁၅၀)ထက်မနည်း ရောက်နေပြီဟု သိရသည်။

လျှပ်စစ်ကားစီမံကိန်းကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နိုဝင်ဘာလကပင် အကောင်အထည်ဖော်လာခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ကနဦး စီမံကိန်းအဖြစ် ခွင့်ပြုထားသည်။

လျှပ်စစ်ကားများမှာ မြန်မာပြည်၏ လျှပ်စစ်မီး ပုံမှန်မရခြင်းကြောင့် အဆင်ပြေမည်မဟုတ်ဟုလည်း ဝေဖန်မှုများရှိနေပြီး လက်ရှိအချိန်ထိ လျှပ်စစ်ကားအစီးရေ မည်မျှအသုံးပြုထားပြီဖြစ်သည်ကိုမူ မည်သည့်ကုမ္ပဏီကမှ ထုတ်ပြန်ထားခြင်းမျိုးမတွေ့ရပေ။

#TachileikNewsAgency