စစ်ကူမပေး၍ လက်နက်ချအညံ့ခံခြင်းဖြစ်ကြောင်း လွိုင်ကော်တက္ကသိုလ်တိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် ဗိုလ်ကြီးကောင်းမြတ်ကိုပြော

စစ်ကူမပေး၍ လက်နက်ချအညံ့ခံခြင်းဖြစ်ကြောင်း လွိုင်ကော်တက္ကသိုလ်တိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် ဗိုလ်ကြီးကောင်းမြတ်ကိုပြော
နိုဝင်ဘာ 16, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် စစ်ကူတောင်းသော်လည်း မပေးသဖြင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်ကြောင်း လက်နက်ချအညံ့ခံခဲ့သည့် မခရ(၆)မှ တပ်ခွဲမှူး ဗိုလ်ကြီး ကောင်းမြတ်ကိုက ပြောသည့်ရုပ်သံဖိုင် KNDFက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ တပ်ရင်းတစ်ရင်းကျော်သေဆုံးပြီး (၃၂)ဦး လက်နက်ချ အညံ့ခံခဲ့ခြင်းနှင့်ပတ်သက်ပြီး ၎င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

“တပ်ရင်းမှူးတွေကော၊ ဒုတပ်ရင်းမှူးတွေကော ကျသွားပြီပေါ့နော်။ မရှိတော့ဘူး။ မရှိတော့ ကျွန်တော်ဦးစီးပြီးတော့ အကောင်းဆိုလို့ (၄)ယောက်လောက်ပဲရှိတော့တယ်။ ကျန်တဲ့လူတွေက လူနာတွေဖြစ်နေပြီ။ အဲကနေပြီးတော့ စစ်ကူတော့တောင်းတယ်ဗျ တပ်ကူ။ ဒါပေမဲ့ တပ်ကူက ညနေ(၃)နာရီအထိ ပေါ်မလာဘူး။ ပေါ်မလာတာနဲ့ ကိုယ့်အဖွဲ့အစည်းက ကိုယ့်အပေါ်ကို ဒီလောက်တောင်ပဲ မဖြစ်ပေးနိုင်သလားဆိုပြီးတော့ ကျွန်တော်လည်း လက်နက်ချဖို့ ဆုံးဖြတ်လိုက်တယ်။”ဟု ဗိုလ်ကြီး ကောင်းမြတ်ကိုက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ ခမရ (၄၂၅)တပ်ရင်းမှူးနှင့် ဒုရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အားတစ်ဝက်နီးပါးကိုလည်း ချေမှုန်းနိုင်ခဲ့သည်ဟု KNDFက သတင်းထုတ်ပြန်ခဲ့သည်။

“အခုအချိန်မှာ ကိုယ့်အဖွဲ့အစည်းက ကောင်းလား၊ မကောင်းဆိုတာပြန်ပြီးတော့ ဆုံးဖြတ်သင့်တာပေါ့နော်။ စဉ်းစားသင့်နေပါပြီပေါ့နော်။ ဘယ်သူ့ဘက်ကမှန်တယ်၊ မှားတယ်ဆိုတာတော့ ခုနကပြောသလိုပေါ့နော် အခုအချိန်မှာတော့ အမြင်မှန်ရသင့်နေပါပြီလို့ ကျွန်တော်ပြောချင်ပါတယ်။”ဟု ဗိုလ်ကြီးကောင်းမြတ်ကိုက ပြောသည်။

ထို့နောက် နိုဝင်ဘာလ (၁၄)ရက်နေ့တွင်  ခမရ(၆)မှ ကျန်ရှိတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ကောင်းမြတ်ကိုဦးစီးသော စစ်ကောင်စီတပ်သား (၃၂)ဦး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ထွက်လာတဲ့အချိန်ကတည်းက ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်နဲ့ ကြည့်ရှုစောင့်ရှောက် ပေးပါတယ်။ စားဝတ်နေရေးကလည်း အကုန်လုံးအဆင်ပြေပါတယ်ခင်ဗျ။ ထိခိုက်ဒဏ်ရာရ လူနာတွေကိုလည်း အကောင်းဆုံးဆေးဝါးတွေနဲ့ ကုသစောင့်ရှောက်ပေးပါတယ်ခင်ဗျ။ ကျွန်တော်မိသားစုကိုတော့ ကျွန်တော်ဒီမှာ ကောင်းကောင်းမွန်မွန်နဲ့ရှိနေပါတယ်။ ဒီမှာရှိနေတဲ့အတွက်လည်း စိတ်မပူပါနဲ့ ဒီကအဖွဲ့တွေက ကျွန်တော့်ကို  အကောင်းဆုံး နွေးနွေးထွေးထွေးဆက်ဆံပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်း (၂)ရင်းအပါအဝင် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် (၁၁၀)ကျော်သေဆုံးပြီး စစ်သုံပန်း(၃၈)ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက်နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ 

လက်နက်ချအညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား KNDF၏ စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်းထားရှိကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency