ဖမ်းဆီးထားသူနှစ်ဦးကို စစ်ဆေးပြီးနောက် PNLA ပြန်လည်လွှတ်ပေး 

ဖမ်းဆီးထားသူနှစ်ဦးကို စစ်ဆေးပြီးနောက် PNLA ပြန်လည်လွှတ်ပေး 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့အား ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့်အတူရှိနေသူ (၂)ဦးအား ဖမ်းဆီးရမိထားရာ ယမန်နေ့ ၂၀၂၄ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း PNLAထံမှ သိရသည်။

ဦးခွန်မောင်လာ အသက်(၅၄)နှစ်နှင့် ဦးခွန်မောင်စိန် အသက်(၄၅)နှစ်တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖမ်းဆီးရမိရာ ဦးခွန်မောင်စိန်ထံမှ ၎င်းဝတ်ဆင်ထားသည့် PNO ပြည်သူ့စစ်ယူနီဖောင်းတစုံနှင့် စကားပြောစက်တလုံးကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ဆေးမေးမြန်းချက်အရ  ၎င်းတို့သည် ကျေးရွာခေါင်းဆောင် ကော်မတီဝင်များဖြစ်ပြီး PNO ပြည်သူ့စစ်က ၎င်းတို့ (၂)ဦးအား လူသားဒိုင်းအဖြစ် ခေါ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ဦးခွန်မောင်လာ၏ ထွက်ဆိုချက်အရ PNO ပြည်သူ့စစ်က ၎င်းကိုခေါ်ယူထားခြင်းဖြစ်ကာ ရပ်ရွာဖျက်ဆီးမှုမခံရရေး၊ ပြည်သူ့စစ်များကို ထမင်း၊ ဟင်းစသည်များ ဧည့်ခံရေးအတွက် ပြည်သူ့စစ်များနှင့်အတူ ရှိနေခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးခွန်မောင်စိန်၏ ထွက်ဆိုချက်အရ ၎င်းသည် PNO ပြည်သူ့စစ်မှ ဖွင့်လှစ်သည့် စစ်သင်တန်းအမှတ်စဉ်(၄)ကို တက်ရောက်ခဲ့ပြီး PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကဒ်၊ ပြည်သူ့စစ် ယူနီဖောင်းတစုံနှင့် စကားပြောစက်တလုံး ထုတ်ပေးထားကြောင်း ထွက်ဆိုသည်ဟု သိရသည်။

အခင်းဖြစ်သည့်နေ့တွင် PNO ပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကို ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် PNO ပြည်သူ့စစ်များ ထွက်ပြေးသွားကာ ၎င်းတို့အနေဖြင့် စစ်သင်တန်းတက်ဖူးသော်လည်း စစ်မတိုက်ဖူးသောကြောင့် ထွက်ပြေးနိုင်ခြင်းမရှိခဲ့ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

၎င်းတို့ (၂)ဦးအား တရားရေးဌာနမှ လိုအပ်သည်များကို ဆက်လက်စစ်ဆေးရာတွင် ဦးခွန်မောင်လာသည် သာမန်အရပ်သားဖြစ်ပြီး ပြစ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ ဦးခွန်မောင်စိန်သည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သို့ ဝင်ရောက်လိုခြင်းမရှိသော်လည်း ပြည်သူ့စစ်သင်တန်းတက်ရန် မဲပေါက်သဖြင့် ဖမ်းဆီးအရေးယူခံရမည်ကို ကြောက်သောကြောင့် သင်တန်းတက်ရခြင်းဖြစ်ကြောင်း နောက်နောင်တွင် စစ်ကောင်စီ၊ ပြည်သူ့စစ်များနှင့် လုံးဝပတ်သက်မည်မဟုတ်ကြောင်း ဝန်ခံကတိပြုခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ၎င်းတို့ (၂)ဦးအား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ယမန်နေ့တွင် နေရပ်သို့ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ပြီး ထိန်းသိမ်းထားစဉ်ကာလတွင်လည်း မည်သည့်နှိပ်စက်ခြင်းမျှမပြုပဲ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မလိုလားအပ်သည့် ထိခိုက်မှုများမဖြစ်စေရန် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ စစ်ကြောင်းနှင့်အတူ လိုက်ပါနေထိုင်ခြင်း၊ စစ်ကောင်စီနှင့်အပေါင်းအပါများ၏ စခန်းအနီး စခန်းအတွင်းတို့တွင် သွားလာနေထိုင်ခြင်း၊ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ယူနီဖောင်းများအား ဝတ်ဆင်ခြင်း သိမ်းဆည်းထားခြင်းများ လုံးဝမပြုလုပ်ကြရန် အသိပေးထားသည်။

#TachileikNewsAgency

Photo: PNLA News & Info