လွိုင်ကော် နှင့် ဖား​ဆောင်းမြို့နယ်တို့တွင် COVID 19 ကူးစက်ခံထားရသူ (၂၁)ဦး ထပ်တိုးပြီး (၁) ဦး သေဆုံး

လွိုင်ကော် နှင့် ဖား​ဆောင်းမြို့နယ်တို့တွင် COVID 19 ကူးစက်ခံထားရသူ (၂၁)ဦး ထပ်တိုးပြီး (၁) ဦး သေဆုံး
ဇူလိုင် 27, 2021 | Covid-19| ကယား

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဖားဆောင်းမြို့နယ်တို့တွင် ၂၀၂၁ ခုနှစ်၊  ဇူလိုင်လ (၂၇) ရက်နေ့၏ စစ်ဆေးချက်အရ COVID 19 အတည်ပြုလူနာသစ် (၂၁) ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ (၁) ဦးထပ်တိုးကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် စစ်ဆေးချက်အရ Hotel Quarantine များမှ (၃)ဦး ၊ ကွန်ပျူတာတက္ကသိုလ်Quarantine စင်တာမှ (၅)ဦး ၊ ပညာရေးကော်လိပ် Quarantine စင်တာမှ (၄)ဦး ၊ လွိုင်ကော်ဆေးရုံ ဝန်ထမ်းအိမ်ယာမှ (၁)ဦး ၊ ရဲဝန်ထမ်း (၂) ဦး၊ ဒေါနိူးကူး ရပ်ကွက်မှ(၁)ဦးနှင့် အိုကေကျေးရွာမှ (၁)ဦး စုစုပေါင်း (၁၇)ဦးထံတွင် COVID -19 ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင်လည်း သံသယရှိသူများအား စစ်ဆေးပေးချက်အရ COVID -19 ပိုးတွေ့ရှိသူ (၄)ဦးရှိကြောင်း သိရသည်။ 

လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသဆောင်တွင် တတ်ရောက်ကုသခြင်းခံယူနေသည့်  နာနတ်တောရပ်ကွက်မှ အသက် (၈၇)နှစ်အရွယ် COVID-19 အတည်ပြုလူနာအမျိုးသားတစ်ဦးမှာ ဇူလိုင်လ (၂၇) ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်တွင် COVID-19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ (၂၇) ရက်နေ့ ညပိုင်းထိ လွိုင်ကော်မြို့တွင်  ( ၄၀၂)ဦး၊ ဖရူဆိုမြို့တွင် ( ၆) ဦး၊ ဘောလခဲမြို့တွင် ( ၁၅)ဦး၊ ဖားဆောင်းမြို့တွင်(၄၃)ဦးတို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၄၆၆)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၁၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။