မုံးကိုးဗျူဟာကုန်းကို ယနေ့သိမ်းပြီးနောက် မုံးကိုးနယ်စပ်ဂိတ်တွင် MNDAA အလံလွှင့်ထူ

မုံးကိုးဗျူဟာကုန်းကို ယနေ့သိမ်းပြီးနောက် မုံးကိုးနယ်စပ်ဂိတ်တွင် MNDAA အလံလွှင့်ထူ
နိုဝင်ဘာ 7, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ မုံးကိုးဗျူဟာကုန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ နေ့လယ်ပိုင်းတွင် MNDAAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တရုတ်နယ်စပ်ဂိတ်(မုံးကိုးနယ်စပ်ဂိတ်)တွင် MNDAA အလံကို လွှင့်ထူလိုက်ကြောင်း သိရသည်။

(၇)နှစ်တိုင်တိုင်ကျော်ဖြတ်ခဲ့ပြီးနောက် မုံးကိုးနယ်စပ်ဂိတ်တွင် MNDAA၏ အလံကိုနောက်တစ်ကြိမ် ထပ်မံလွှင့်ထူနိုင်ခဲ့ကြောင်း The Kokang က ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ မုံးကိုးဗျူဟာကုန်းကို ယနေ့သိမ်းပိုက်ရာ စခန်းအတွင်းမှ သံချပ်ကာ ကားတစ်စီးအပါအဝင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သဖြင့် စစ်ဆင်ရေးကာလအတွင်း သံချပ်ကာနှင့် တင့်ကား (၇)စီးကို MNDAAက သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း မုံးကိုးဗျူဟာကုန်းနှင့်မဝေးသည့် ပန်လုံဗျူဟာကုန်းကို AAတပ်များက ဦးဆောင်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူးလည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်။

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း (၁၂၀)ဝန်းကျင်ကို မဟာမိတ်တပ်များက ယနေ့အထိ သိမ်းပိုက်ရရှိထားပြီး ချင်းရွှေဟော်မြို့ကိုလည်း MNDAA က ထိန်းချုပ်ထားပြီဖြစ်သည်။

#TachileikNewsAgency