ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းဂိတ်တွင် ထိုင်းစစ်ရှောင်များ ချက်ချင်း ဝင်ခွင့်ရသော်လည်း ပြည်တွင်းစစ်ရှောင်များ အလုံးစုံ ဝင်ခွင့် မရသေး

ပုံအညွှန်း - ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ထိုင်းစစ်ဘေးရှောင် (၄၁)ဦးကို UWSA က မြန်မာစစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးစဉ်။

နိုဝင်ဘာ 15, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းဂိတ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁၅) ရက်နေ့က ရောက်လာသည့် ထိုင်းနိုင်ငံသား စစ်ရှောင်များကို ချက်ချင်းဝင်ခွင့်ပြုလိုက်သော်လည်း ထောင်နှင့်ချီကာ စောင့်ဆိုင်းနေသည့် စစ်ဘေးရှောင်များကိုတော့ ချက်ချင်း ဝင်ခွင့်မပေးသေးကြောင်း  သိရသည်။

ပုံအညွှန်း - ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ထိုင်းစစ်ဘေးရှောင် (၄၁)ဦးကို UWSA က မြန်မာစစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးစဉ်။

“ကျွန်တော်တို့ "ဝ"ပြည်ကို ကိုးကန့်ကနေ ရောက်လာတဲ့ ထိုင်းစစ်ဘေးရှောင်တွေကို မိုင်းယန်းဂိတ်ကို ပို့ပေးခဲ့တယ်။ ကျွန်တော်တို့ဆီ ရောက်လာတဲ့ စစ်ရှောင်တွေကို လူသားချင်းစာနာမှုအကူအညီတွေ အတတ်နိုင်ဆုံး ပံ့ပိုးပေးနေတယ်။ သူတို့ဆက်သွားချင်တဲ့ဒေသနဲ့ အနီးဆုံး နယ်ခြားဂိတ်အထိ ပို့ပေးတယ်။”ဟု UWSA ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက Tachileik News Agency ကို ပြောသည်။

ပုံအညွှန်း - ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ထိုင်းစစ်ဘေးရှောင် (၄၁)ဦးကို UWSA က မြန်မာစစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးစဉ်။

အဆိုပါ ထိုင်းစစ်ဘေးရှောင် (၄၁)ဦးမှာ ကိုးကန့်ဒေသမှနေ၍ UWSA "ဝ" ဒေသသို့ စစ်ဘေးရှောင် ရောက်လာသဖြင့် ရှမ်းရှေ့မှတစ်ဆင့် နေရပ်ပြန်နိုင်ရန် မိုင်းယန်းဂိတ်သို့ ပို့ဆောင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အဆိုပါ ထိုင်းနိုင်ငံသားများကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ကျိုင်းတုံမှ တဆင့် တာချီလိတ်မြို့သို့ ခေါ်ဆောင်လာပြီး မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားကနေ ထိုင်းဘက်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် အဆိုပါ မိုင်းယန်းဂိတ်၌ အောက်တိုဘာလ(၁၂) ရက်နေ့ကတည်းက ရောက်နေသည့်  ထောင်နှင့်ချီသော ပြည်တွင်းစစ်ရှောင်များမှ ယနေ့အထိ အစုလိုက်အပြုံလိုက် ဝင်ခွင့်မစောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။

“မိုင်းယန်းကနေ ဝင်လာတဲ့ စစ်ဘေးရှောင်နည်းနည်းစီတော့ ဒီမှာ လက်ခံနေတာရှိတယ်။ ကျွန်တော်တို့လည်း လိုအပ်တာ ကူညီပေးနေပါတယ်။ သူတို့ကို ဂိတ်မှာ ဘယ်လိုစစ်ဆေးပြီး ဘယ်လိုလက်ခံတယ်ဆိုတာတော့ သေချာမသိဘူး”ဟု ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ကျိုင်းတုံမြို့နေ အမျိုးသားတစ်ဦးက ပြောပြသည်။ 

မိုင်းယန်းဂိတ်တွင် စစ်ဘေးရှောင်ပြည်သူ ထောင်နှင့်ချီ၍ ကားတန်းဖြင့် စောင့်ဆိုင်းနေရသော်လည်း ကျိုင်းတုံဘက်က တာဝန်ရှိသူများက တနေ့ကို အနည်းငယ်စီသာ လက်ခံနေရာတွင် နိုဝင်ဘာလ(၁၃)ရက်နေ့က (၁၂၀)ကျော်၊ နိုဝင်ဘာလ(၁၄)ရက်နေ့က (၁၄၀)ကျော်နှင့် ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် (၁၀၀)ကျော် လက်ခံထားရှိကြောင်း ၎င်းထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွါးနေသည့် တိုက်ပွဲများကြောင့် UWSA "ဝ"ဒေသအတွင်းသို့  နီးစပ်သည့်ဒေသများမှ  စစ်ရှောင်များ လာရောက်ခိုလှုံလာကြခြင်းဖြစ်ပြီး ယင်းမှတဆင့် ရှမ်းရှေ့သို့ ဆက်လက်ရွှေ့ပြောင်းသူများမှာ မိုင်းယန်းဂိတ်ကို ဖြတ်ကျော်ရခြင်းဖြစ်သည်။

ပုံအညွှန်း - ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ထိုင်းစစ်ဘေးရှောင် (၄၄)ဦးကို UWSA က မြန်မာစစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးစဉ်။