လှည်းနေလှည်းအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံးပါဝင်တော်လှန်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့တိုက်တွန်း၊ ၁၀၂၇ စစ်ဆင်ရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောစစ်ဆင်ရေးဟုဆို

လှည်းနေလှည်းအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံးပါဝင်တော်လှန်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့တိုက်တွန်း၊ ၁၀၂၇ စစ်ဆင်ရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောစစ်ဆင်ရေးဟုဆို
နိုဝင်ဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

လှည်းနေလှည်းအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံးပါဝင်တော်လှန်နိုင်မှသာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်နိုင်မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

၁၀၂၇ စစ်ဆင်ရေး၏ ဟန်ချက်ညီတိုက်ပွဲများသည် တစ်ရက်ထက်တစ်ရက် ပိုမိုအရှိန်မြင့်လာကာ စစ်ဆင်ရေးကြီးသည်လည်း တစ်နိုင်ငံလုံးအထိ ပျံ့နှံကူးစက်သွားပြီဖြစ်သည့်အတွက် လှည်းနေလှည်းအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံး ပါဝင်တော်လှန်နိုင်မှသာလျှင် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးမှ စတင်ခဲ့သောတိုက်ပွဲများသည် တစ်နိုင်ငံလုံးမှ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သော စစ်ဆင်ရေး Nationwide Operation သို့ ကူးပြောင်းနိုင်မှသာ စစ်ဆင်ရေး အထမြောက်နိုင်မည်ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သောစစ်ဆင်ရေးဖြစ်သည်ကို သတိမူသင့်သည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် လူတိုင်းသည် ယခုစစ်ဆင်ရေးထဲတွင် ပုံစံတစ်မျိုးမျိုးနှင့် ပါဝင်ရန်လိုအပ်ကာ စစ်ဆင်ရေးကို အထောက်အကူ၊ အထောက်အပံ့ဖြစ်သော လုပ်ဆောင်ချက်တစ်မျိုးမျိုးဖြင့် လုပ်ဆောင်နေရမည်ဟုလည်း တိုက်တွန်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ စစ်ရှိန်မြင့်တက်လာသည်နှင့်အမျှ တိုက်ပွဲဧရိယာမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံကျယ်ပြန့်လာနေပြီဖြစ်ကာ စစ်ဆင်ရေး (၁၉)ရက်တာကာလအတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို သတ်မှတ်ထားသည့်အချိန်အတွင်း ထိထိရောက်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသော လက်ကျန်ပစ်မှတ်များကိုလည်း တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency