ကိုးကန့် MNDAA ကို အင်အားဖြင့် ဆက်တိုက်ထိုးစစ်ဆင်နေသည့် အာဏာသိမ်းတပ်က လေကြောင်းဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေ

ကိုးကန့် MNDAA ကို အင်အားဖြင့် ဆက်တိုက်ထိုးစစ်ဆင်နေသည့် အာဏာသိမ်းတပ်က လေကြောင်းဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေ
ဒီဇင်ဘာ 15, 2021 | ရှမ်းမြောက်

 ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ခရိုင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်နေပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်နေရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်လည်း တိုက်လေယာဉ်ဖြင့် (၆)ကြိမ် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း(၁၅) ၊ (၇၉) ၊ (၁၁၃) နှင့်(၃၁၅)တို့သည် လူအင်အား (၃၀၀) ကျော်ဖြင့် ကိုးကန့် (MNDAA) ၏ မန်ရန်တပ်စခန်းကို ယနေ့  နံနက် (၆) နာရီတွင် (၆) ကြိမ်ထိုးစစ်ဆင်ရာ မအောင်မြင်ခဲ့ဘဲ လက်နက်ကြီးကျည် (၁၅၀၀) ကျော်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

 

ယင်းနောက် နံနက် (၁၀) နာရီ (၉) မိနစ်တွင် အာဏာသိမ်းတပ်သည် ကိုးကန့် (MNDAA)၏ ပန်ရင်လပတွင်ရှိ တပ်စခန်းကို ခြေလျင်တပ်ဖြင့် စတင်ထိုးစစ်ဆင်ပြီးနောက် နံနက် (၁၁) နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီက  ပန်ရင်လပနှင့် မန်ကျော်တပ်စခန်းကို တိုက်လေယာဉ်ဖြင့် (၆) ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နံနက် ၁၁ နာရီကျော်တွင် အာဏာသိမ်းတပ်က ကိုးကန့် (MNDAA)၏ ချင်ချိုင့် ထန်တပ်စခန်း ကို ခြေလျင်တပ်ဖြင့်(၃)ကြိမ် ထိုးစစ်ဆင်ပြီး တိုက်လေယာဉ်ဖြင့် (၄) ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းတပ်သည် မုံးကိုးခရိုင် မန်ရန် ၊ ချင်ချိုင့်ထန် နှင့် ပန်ရင်လပ ရှိ ကိုးကန့် (MNDAA)၏ တပ်စခန်းများကို ပြင်းထန်စွာတိုက်ခိုက်သည့်အပြင် မန်ကျယ်ရွာကျဲကော်တောင်ကုန်း ၊ နမ့်မူဟိုက် ၊ သိန္နီဒေသ နမ်ပါချီ စသော နေရာများတွင်လည်း တိုက်ခိုက်ကာ ရှိကျိကျတောင်တန်းကိုလည်း လက်နက်ကြီးကျည် (၁၀၀)ကျော်ခန့်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန်အတွက် ကိုးကန့် (MNDAA)၏ အထူး စစ်ဆင်ရေး(၂)စုသည် မန်ရန်ရွာနှင့် ဖောင်းဆိုင်စေတီအနီးတစ်ဝိုက်တွင် ရှိ စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီသည် ရှမ်းပြည်နယ်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနက်    မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်)ကို ဩဂုတ်လကတည်းက နေ့စဉ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ခိုက်မှုများတွင် လက်နက်ကြီးအလွန်အကျွံအသုံးပြုသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ သုံးနေသည်ကို တွေ့ရသည်။

ယမန်နေ့ကလည်း တစ်နေ့တာအတွင်း ကိုးကန့် MNDAA ကို (၁၅) ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency