ကျောက်မဲ - မိုင်းငေါ့လမ်းတလျှောက်မှ စစ်ကောင်စီတပ်ဂိတ်များက ခရီးသွားအချို့ကိုပါ ငွေကြေးတောင်းခံမှုများ ရှိနေ

ကျောက်မဲ - မိုင်းငေါ့လမ်းတလျှောက်မှ စစ်ကောင်စီတပ်ဂိတ်များက ခရီးသွားအချို့ကိုပါ ငွေကြေးတောင်းခံမှုများ ရှိနေ
ဇွန် 1, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ - မိုင်းငေါ့ကားလမ်းတလျှောက် ကျောက်မဲမြို့နယ်နိမိတ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏တပ်များ၏ စစ်ဆေးရေးဂိတ်များတွင်  ခရီးသွားပြည်သူများငွေပေး၍ ဖြတ်သန်းနေရသည်ဟု သိရသည်။

ကျောက်မဲမြို့နယ် ကုန်းစုံကျေးရွာကို သွားပြီးပြန်လာတာမှာ နေ့ခင်းပဲရှိသေးတယ်။ စစ်တပ်နားက လမ်းပေါ်အတားအဆီးတွေ ချထားတဲ့နေရာမှာ ယူနီဖောင်းတွေ သေနတ်တွေနဲ့ တားပါတယ်။ အိတ်တွေယူစစ်ပြီး ဖုန်းနဲ့ပိုက်ဆံတွေတွေ့တော့ သိမ်းဆည်းမယ်လို့ပြောတယ်။ အကြာကြီးတောင်းပန်တဲ့အခါမှ ငွေပေးဆိုပြီး တောင်းပါတယ်။ တစ်ယောက်အတွက် တစ်သောင်းကျပ်ပေးပြီးမှ မြို့ထဲကိုလာလို့ရတယ်

ဟု မေလ ၃၁ ရက်က ကြုံတွေ့ခဲ့ရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ကျောက်မဲ - မိုင်းငေါ့သွားလမ်းမကြီးတလျှောက် ကျောက်မဲမြို့အတွင်း အမှတ် ၅၀၁၊ ၅၀၂ တပ်၊ ဆေးတပ် စသည်တို့ တောက်လျှောက်ရှိနေပြီး အဆိုပါတပ်များရှေ့တွင် အတားအဆီးများကို အမြဲတမ်းချထားခြင်းဖြစ်သည်။ 

ယခင်က အဆိုပါ ဂိတ်များတွင် ထင်း၊ မီးသွေးသယ်သည့်ယာဉ်များ ဖြတ်သွားပါကငွေတောင်းတတ်သော်လည်း လက်ရှိ တွင် ခရီးသွားအချို့ပါငွေတောင်းခြင်းများ ရှိလာကြောင်း သိရသည်။