နှစ်သောင်းတန်များ လက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်ကြားနိုင်ဟု NUG ထုတ်ပြန်

နှစ်သောင်းတန်များ လက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်ကြားနိုင်ဟု NUG ထုတ်ပြန်

စစ်ကောင်စီထုတ် နှစ်သောင်းတန်များကို လက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် စစ်ကောင်စီထုတ် နှစ်သောင်းတန် ငွေစက္ကူများကို လက်ဝယ်ထားခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် တနည်းနည်းဖြင့်လွှဲပြောင်းခြင်းများ မပြုလုပ်ရန်လည်း ထုတ်ပြန်ထားသည်။

အဆိုပါ နှစ်သောင်းတန်ငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းနှင့်လွှဲပြောင်းခြင်းတို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း(၁၂)တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာရောက်သည်ဟုလည်း သိရသည်။

တားမြစ်မိန့်ကို လိုက်နာမှုမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ တားဆီးနှိမ်နှင်းအပြစ်ပေး အရေးယူသွားမည်ဟုဆိုသည်။

စစ်ကောင်စီက ထုတ်ဝေသည့် နှစ်သောင်းတန်ငွေစက္ကူများကို ပြီးခဲ့သည့်လပိုင်းက တရားမဝင် ငွေစက္ကူများဖြစ်ကြောင်း NUG က ထုတ်ပြန်ကြေညာခဲ့သည်။

#TachileikNewsAgency