ခင်ဦးမြို့နယ်အတွင်း မြို့သစ်ကျေးရွာကို ညပိုင်းအထိ စစ်ကောင်စီတပ်က မီးရှို့နေသဖြင့် ဒေသခံများ ထွက်ပြေးနေရ

Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ်အတွင်း မြို့သစ်ကျေးရွာကို ညပိုင်းအထိ စစ်ကောင်စီတပ်က မီးရှို့နေသဖြင့် ဒေသခံများ ထွက်ပြေးနေရ

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်များက ယနေ့  ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့ လက်ရှိ  ညပိုင်း (၈)နာရီအချိန်ထိ မီးရှို့နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ကံကြီးကုန်းရွာမှ နေအိမ်တစ်လုံးနှင့် ကွမ်းခြံတစ်ခုအား မီးရှို့ဖျက်ဆီး၍ ညနေပိုင်းတွင် မြို့သစ်ကျေးရွာနှင့် သာဂရကျေးရွာအတွင်း အဖွဲ့ခွဲဝင်လာကာ မြို့သစ်ကျေးရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

နေ့လယ်ပိုင်းကလည်း မဏီကုန်းရွာ တောလမ်းများမှတစ်ဆင့် ကံကြီးကုန်းကျေးရွာဘက်သို့ စစ်ကြောင်းအလာ မိုင်းဆင်နေသည့် ရဲဘော်တစ်ဦး မတော်တဆဖြစ်၍ ကျဆုံးခဲ့ရသည်ဟု သိရသည်။

၎င်းစစ်ကောင်စီတပ်သည် အင်အား (၁၀၀)ကျော်ဖြင့် ရွှေဘိုနယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံကျောင်းဘက်မှ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများအား ဧပြီလ(၂၅)ရက်နေ့က ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် တပင်ကောင်း(တောင်)ရွာရှိ ပြည်သူပိုင်နေအိမ်များအား ညအချိန်အထိ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်( ၂၅ )လုံးပျက်စီးခဲ့ရကြောင်း သိရသည်။

၎င်းစစ်ကြောင်းကြောင့် သာဂရ၊ မြို့သစ်၊ ကံကြီးကုန်း၊ ရွှေယမင်း စသည့် ကျေးရွာများမှ ဒေသခံ (၃၀,၀၀)ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။