ရှမ်း-ကယားနယ်စပ်နှင့် လွိုင်ကော်မြို့တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း(၇)ခုအား သိမ်းပိုက်ရရှိထား

ရှမ်း-ကယားနယ်စပ်နှင့် လွိုင်ကော်မြို့တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း(၇)ခုအား သိမ်းပိုက်ရရှိထား
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ရှိ စစ်ကောင်စီတပ်စခန်း (၇)ခုအား ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး အခြားသောစခန်းများကိုလည်း ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်နေကြောင်း မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးဆင်နွှဲလျက်ရှိသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ကယားပြည်နယ်၏မြို့တော် လွိုင်ကော်အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ စခန်းများကို ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိတွင် ကိုးကန့်နှင့် တအာင်းဒေသများအတွင်း စစ်ကောင်စီနှင့် မဟာမိတ်တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ညီနောင်(၃)ဖွဲ့မှ သိမ်းပိုက်ရရှိထားသော စခန်းကုန်းများကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းမှ အဓိကထား၍ ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။ 

လေကြောင်းတိုက်ခိုက်မှုများကို ကွမ်းလုံ၊ လောက်ကိုင်နှင့် နောင်ချိုဒေသဘက်တွင် အဓိကထား ဆောင်ရွက်နေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် တစ်ရက်အတွင်း အနည်းဆုံးအကြိမ် (၂၀)ကျော်ရှိခဲ့ပြီး တစ်ချို့ရက်များတွင် တစ်နေရာတည်း၌ အကြိမ် (၄၀)ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency