အင်းစိန် CID ရုံးကို အဝေးထိန်းမိုင်း (၆)လုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်

အင်းစိန် CID ရုံးကို အဝေးထိန်းမိုင်း (၆)လုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်

 ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီ၏ မှုခင်းတပ်ဖွဲ့ဖြစ်စည့် ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဦးစီးဌာန (အင်းစိန်) (CID) ရုံးကို အဝေးထိန်းမိုင်း (၆)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Urban Guerrilla Army (YUGA) က သတင်းထုတ်ပြန်လာသည်။ 

၂၀၂၃ခုနှစ် ဧပြီလ ( ၂၃ )ရက်နေ့၏ ည(၁၀)နာရီ မိနစ်(၄၀)ကျော်အချိန်က  အင်းစိန် CID ရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယင်းနေရာအနီး စစ်အုပ်စုတပ်သားများ ပိတ်ဆို့စစ်ဆေးနေချိန်တွင် ထပ်မံပြီး ဖျက်အားပြင်း အဝေးထိန်းမိုင်း (၄)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သား အများအပြား ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက် များနိုင်ကြောင်း ဆိုထားသည်။

"ညက ဗုံးပေါက်ကွဲသံတွေကို  ရန်ကုန်မြို့ နေရာတော်တော်များများက ကြားရတယ်။ ညကမီးတွေလည်း ပျက်နေတော့ တော်တော်ကျယ်ကျယ် ကြားရတယ်၊ ညဘက်ဆိုတော့ ဘယ်နားမှာဖြစ်မှန်မသိဘူး ၊ ဒီမနက်မှာမှ ဖြစ်တဲ့နေရာကို သိတယ်"ဟ အင်းစိန်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် YUGA(MO - 7 EAGLE ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြောက်ကျား ရဲဘော်များအားလုံး ဘေးကင်းကြောင်း ထုတ်ပြန်ထားသည်။