UWSA "ဝ" ပြည် မှတစ်ဆင့် ရှမ်း(ရှေ့)ကိုသွားမည့် စစ်ရှောင်များ စစ်ကောင်စီတပ်၏ တားဆီးမှုကြောင့် မိုင်းယန်း အဝင်တွင် ပိတ်မိနေ

UWSA "ဝ" ပြည် မှတစ်ဆင့် ရှမ်း(ရှေ့)ကိုသွားမည့် စစ်ရှောင်များ စစ်ကောင်စီတပ်၏ တားဆီးမှုကြောင့် မိုင်းယန်း အဝင်တွင် ပိတ်မိနေ
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ရှမ်းရှေ့

 UWSA "ဝ"ပြည်မှတစ်ဆင့် ရှမ်းရှေ့သို့ သွားကြမည့် စစ်ဘေးရှောင်များကို ရှမ်းပြည်နယ်အရှေ့ပိုင်း စစ်ကောင်စီတပ် အဖွဲ့က မိုင်းယန်းကို ဝင်ခွင့်မပြုဘဲ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ဂိတ်ပိတ်လိုက်သဖြင့် စစ်ရှောင် (၃,၀၀၀)ကျော်မှာ မိုင်းယန်းအဝင်တွင် ပိတ်မိနေကြကြောင်း သိရသည်။

" မိုင်းယန်းအဝင်မှာ စစ်ရှောင်တွေကို ပေးမဝင်ဘဲ ဂိတ်ပိတ်လိုက်တာ။ သူတို့က စစ်ဆေးမယ်ဆိုလည်း စစ်ဆေးပါ။ ဒုက္ခသည်တွေပဲ စစ်စရာရှိတာစစ်ပြီး မြန်မြန်လေး လက်ခံပေးစေချင်တာပေါ့။ ဒါပေမဲ့ အခုက ဘာကြောင့်လဲမသိဘူး။ ပေးမဝင်ဘူး။ ရာသီဥတုကလည်း အေးနေပြီလေ။ ကလေးတွေ၊ အသက်အရွယ်ကြီးသူတွေ၊ အချိန်မီ ဆေးကုသမှုခံရမယ့် ကျန်းမာရေးမကောင်းသူတွေလည်း ပါတယ်လေ။ တာဝန်ရှိတဲ့သူတွေ အမြန်ကူညီပေးစေချင်ပါတယ် "ဟု အမည်မဖေါ်လိုသည့် စစ်ရှောင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မိုင်းယန်းဂိတ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် ဂိတ်ကို ပိတ်ထားကာ စစ်ကောင်စီတပ်သားများက လက်နက်ကိုယ်စီဖြင့် ကိုင်ဆောင်က စောင့်ကြပ်ထားသည်ကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ နံနက်တွင် တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ (၂၇)ရက်နေ့က စတင်သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ ဘေးကင်းရာဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြရာ UWSA "ဝ" ပြည်အတွင်းသို့လည်း စစ်ဘေးရှောင်များ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအား UWSA "ဝ" ပြည်က လက်ခံထားပြီး နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများကို တာဝန်ယူပေးသည့်အပြင် ၎င်းတို့၏ ဆန္ဒအရ အခြားဒေသများသို့ ဆက်လက်ထွက်ခွာလိုသည့် စစ်ရှောင်များကို အနီးဆုံး နယ်စပ်ဂိတ်များသို့ ကားများဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

ယင်းသို့ပို့ဆောင်ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံဘက်လမ်းကြောင်းကိုသွားကြမည့် စစ်ဘေးရှောင်များအား မိုင်းယန်းဂိတ်အထိ UWSA က ကားများဖြင့် ကူညီ ပို့ဆောင်ပေးနေရာ မိုင်းယန်းဂိတ်တွင် စစ်ကောင်စီဘက်က မည်သည့် အကြောင်းပြချက်မှမပေးဘဲ စစ်ရှောင်များအား ဟန့်တားထားခြင်းဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း -  တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီတပ်သားများ ဂိတ်ပိတ်ပြီး စောင့်ကြပ်နေစဉ်