ကျိုင်းတုံမြို့တွင် စက်တင်ဘာလမှစ၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပြီဖြစ်၍ ယူနစ် (၁၅၀) အခမဲ့ ခံစားခွင့် စတင်ရရှိမည်

ကျိုင်းတုံမြို့တွင် စက်တင်ဘာလမှစ၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပြီဖြစ်၍ ယူနစ် (၁၅၀) အခမဲ့ ခံစားခွင့် စတင်ရရှိမည်
စက်တင်ဘာ 17, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် စက်တင်ဘာလမှစ၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပြီဖြစ်၍ ယူနစ် (၁၅၀) အခမဲ့ ခံစားခွင့် စတင်ရရှိမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှစ၍   နိုင်ငံတော်လျှပ်စစ်ဓာတ်အား  ဖြန့်ဖြူးနေပြီဖြစ်ရာ အစိုးရကပေးထားသည့် လျှပ်စစ်ဓာတ်အား ယူနစ် (၁၅၀)အထိ အခမဲ့အသုံးပြုခွင့် ခံစားခွင့်ရသွားပြီဖြစ်သည်။
ကျိုင်းတုံမြို့ကို နိုင်ငံတော်ဓာတ်အားလိုင်း မသွယ်တန်းနိုင်မီက ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့မှစ၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အားနှင့် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီတို့ မြို့တစ်ဝက်စီခွဲ၍ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ 
"မီတာခက ဌာနနှုန်းအတိုင်းသွားမှာဖြစ်သလို အစိုးရကပေးတဲ့ ယူနစ်ခံစားခွင့်ပေါ့။ လစဉ် ယူနစ် (၁၅၀)အထိ အခမဲ့ခံစားခွင့်ကို ကျိုင်းတုံတစ်မြို့လုံး စက်တင်ဘာလကစပြီး ခံစားခွင့်ရမှာပါ။ ပြီးခဲ့တဲ့ (၈)လပိုင်းအထိက ကျွန်တော်တို့ ကျိုင်းတုံက ကျိုင်းတုံစွမ်းအင်ကုမ္ပဏီက တစ်ပိုင်း၊ ကျွန်တော်တို့ နိုင်ငံတော်ဓာတ်အားပေးစနစ်က တစ်ပိုင်းသွားတယ်။ ကျိုင်းတုံစွမ်းအင်ကတော့ မီတာအလုံးရေလည်းနည်းတော့ သူတို့ ယူနစ် (၁၅၀) အခမဲ့က ခံစားခွင့်မပေးနိုင်ဘူး။ ဒါပေမဲ့ ဒီ (၉)လပိုင်းကစပြီးတော့  ယူနစ် (၁၅၀) ခံစားခွင့်ကို တစ်မြို့လုံးရသွားမှာပါ"ဟု ဟု ကျိုင်းတုံခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဇေယျာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့၌ ပြောသည်။
မဟာဓာတ်အားလိုင်းမရသေးသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် 230KV နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့ကို ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်သည်။
လက်ရှိတွင် ကျိုင်းတုံမြို့ပေါ်နှင့် မြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀) ကို နိုင်ငံတော်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး နောက်ထပ် ကျိုင်းတုံမြို့နယ်တွင်းမှ ကျေးရွာပေါင်း(၂၀)ကျော်အပြင် လာမည့် ဘတ်ဂျက်တွင် မိုင်းခတ်၊ မိုင်းခုတ်နှင့် မိုင်းဆတ်အထိ ဓာတ်အားဖြန့်ဖြူးနိုင်ရန် မြေပြင်ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်နေပြီဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကျိုင်းတုံမြို့၌ နိုင်ငံတော်ဓါတ်အားလိုင်းကို စတင်သုံးစွဲနေပြီဖြစ်သော်လည်း တာချီလိတ်ခရိုင်အတွင်းမြို့များဖြစ်သည့် တာချီလိတ်မြို့သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို အသုံးပြုနေခြင်းဖြစ်ပြီး ကျိုင်းလပ် နှင့် တာလေမြို့တို့သည် လာအိုနိုင်ငံမှ လျှပ်စစ်မီးကို သုံးစွဲနေကြခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~