ဒီပဲယင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ရွာ ၂၀ ဝန်းကျင်မှ ဒေသခံထောင်ချီ ထွက်ပြေးနေရ

ဒီပဲယင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ရွာ ၂၀ ဝန်းကျင်မှ ဒေသခံထောင်ချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ဘက်မှ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များကြောင့် ကျေးရွာ(၂၀)ဝန်းကျင်ရှိ ဒေသခံထောင်ချီပြီး ထွက်ပြေးနေကြရဆဲဖြစ်ကြောင်း ရေဦးမြို့ နယ်အခြေပြု People's Defense Comradeထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့ ညပိုင်းကစတင်ကာ ရေဦးမြို့နယ်ဘက်မှ တောင်ဘက်ခြမ်း ပိဋကတ်ကျေးရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ် ခမရ(၇၀၈)နှင့် ခမရ(၇၀၂)မှ အင်အား (၁၅၀)ဝန်းကျင်သည် ယနေ့ဩဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းအရှေ့ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေဦးနယ် တောင်ဘက်ခြမ်းနဲ့ ဒီပဲယင်းအရှေ့ခြမ်းက ကျေးရွာပေါင်း ၂၀ လောက် အခုချိန်အထိ ထွက်ပြေးနေကြရတယ်။ စစ်ရှောင်ဦးရေ သောင်းချီရှိနေတယ်။ ဒီနေ့မနက်အစောပိုင်းမှ ရေဦးနယ် ပိဋကတ် ကျေးရွာကနေ ဒီပဲယင်းနယ်အရှေ့ခြမ်း မရကန်၊ သစ်တုံရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ် ဝင်လာတယ်။”ဟု ရေဦးမြို့နယ်အခြေပြု People's Defense Comradeမှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က Tachileik News Agencyကိုပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ရေဦးမြို့နယ်မှ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သည် (၈၀)မမ လက်နက်ကြီးဖြင့် (၄)ချက်ပစ်ခတ်ခဲ့ရာ ရွာရှည်ရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများဖြစ်သည့် ကိုနိုင်နှင့် ကိုယ်ဝန်သည် မချောစုဝင်းတို့ ထိမှန်ဒဏ်ရာရရှိထားသည်ဟု Phoenix Defence Forceတပ်ဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“လက်နက်ကြီးပစ်ခတ်လိုက်လို့ ရွာရှည်ရွာက ပြည်သူ ၂ ဦး ထိခိုက်ထားတဲ့သတင်းကို ကျွန်တော်တို့အနေနဲ့ အတည်ပြုနိုင်ရင် ထပ်ပြောပေးပါ့မယ်။ ဒီပဲယင်းနယ်အတွင်းကို စစ်ကြောင်းထိုးမယ်လို့လည်း သတင်းရထားပါတယ်။ ရေဦးနယ်တောင်ဘက်ခြမ်းကနေ ဒီပဲယင်းနယ်ဝင်လာတဲ့ ခမရ(၇၀၈)နဲ့ (၇၀၂)စစ်ကြောင်းကတော့ ဆင်ယောက်ကုန်း၊ မရကန်ရွာတွေဘက်မှာ တပ်စွဲထားပါတယ်။”ဟု ကိုထူးခန့်ဇော်က ဆက်ပြောသည်။

 

အဆိုပါ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသည့်ရွာများမှာ ရေဦးနယ် တောင်ဘက်ခြမ်းနှင့် ဒီပဲယင်း နယ်စပ်တို့ဖြစ်ကြကြောင်း သိရသည်။ ၎င်းစစ်ကြောင်းသည် ဇူလိုင်လ (၂၇)ရက်နေ့ကလည်း ခင်ဦးမြို့နယ် ပေကုန်းရွာအနီး၌ ပျိုးနှုတ်နေသည့် ပေကုန်းရွာသား ကိုအောင်မျိုးခန့်၊ ကိုချစ်သဲမောင်၊ ကိုချစ်နန်းဦး၊ ဦးညိုဝင်းနှင့် သရက်ကန်ရွာသား ဦးဌေးဝင်းတို့ကို ဖမ်းဆီးသွားခဲ့သေးသည်ဟု သိရသည်။ 

ထို့နောက် ဇူလိုင်လ (၂၈)ရက်နေ့တွင် ပေကုန်းရွာရှိ ဒေသခံများပိုင်သည့် ဆိတ်အကောင်(၉၀)နှင့်  နွား(၃)ကောင်ကို ဖမ်းဆီးပြီး စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ အထိုင်ချထားသည့် မဒေါင်းလှရွာထံ သယ်ဆောင် သွားသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo :ဇူလိုင် ၃၁ရက်နေ့ ညကြီးမိုးချုပ် ထွက်ပြေးရသည့် စစ်ရှောင်များ