ထိုင်းဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို တတိယအကြိမ် မြန်မာနိုင်ငံသို့ပြန်ပို့ပြီးဖြစ်၊ ကျန်ရှိသည့် စစ်ကောင်စီတပ်သားများ၏ စားသောက်ရေးအတွက် စစ်ရှောင်စခန်းများက ဟင်းချက်ပို့ပေးနေရ

ထိုင်းဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို တတိယအကြိမ် မြန်မာနိုင်ငံသို့ပြန်ပို့ပြီးဖြစ်၊ ကျန်ရှိသည့် စစ်ကောင်စီတပ်သားများ၏ စားသောက်ရေးအတွက် စစ်ရှောင်စခန်းများက ဟင်းချက်ပို့ပေးနေရ

ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား (၁၅၀)ဝန်းကျင်ကို မြန်မာနိုင်ငံအတွင်းသို့ ပြန်ပို့နေရာ တတိယအကြိမ်မြောက်ရှိနေပြီဖြစ်ပြီး အနည်းငယ်သာ ပြန်ပို့ရန်ကျန်တော့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ကျိုက်ဒုံဘက်၌ တိုက်ပွဲဖြစ်နေပြီး ၂၀၂၄ခုနှစ် မတ်လ (၁၉)ရက်နေ့ကစတင်ကာ ထိုင်းနိုင်ငံ ပိုင်ခလိုင်နယ်စပ်သို့ စစ်ကောင်စီတပ်သား (၁၅၀)ဝန်းကျင်သည် မတ်လ(၁၉)ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ (၂၁)ရက်နေ့တွင်တစ်ကြိမ်နှင့် မတ်လ(၂၂)ရက်နေ့တွင် တစ်ကြိမ် (၃)ကြိမ် လက်နက်၊ ခဲယမ်းများနှင့်အတူ ထွက်ပြေးလာခြင်းဖြစ်ပြီး နယ်စပ်ရှိ ထိုင်းစစ်တပ်တွင် ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်။

“မတ်လ(၂၁)ရက်နေ့မှာ ပထမအကြိမ် (၄၀)ကျော် ပြန်ပို့တယ်။ ဒီနေ့အထိဆိုရင် (၃)ဖွဲ့ကို အသုတ်လိုက် ပြန်ပို့လိုက်ပြီ။ ထိုင်းဘက်က လဝက၊ ရဲ၊ စစ်တပ်တွေက သူတို့ကိုစစ်ချက်ယူတယ်။ အခုတော့ သိပ်မကျန်တော့ဘူး ပြန်ပို့ဖို့။ ”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မတ်လ(၂၁)ရက်နေ့ကစတင်ပြီး မြဝတီအမှတ်(၂)တံတားမှတတင့် မြန်မာဘက်သို့ ထိုင်းအာဏာပိုင်များက ပြန်လွှဲပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။ 

“စစ်ရှောင်စခန်းကနေ ထမင်းဟင်းချက်ပြီးတော့ သူတို့စားဖို့သွားပို့ရတယ်။ အမဲသား၊ ဝက်သားတွေချက်ပြီး သွားပို့ရတယ်။ စစ်ကောင်စီတပ်သားတွေ ပြန်ပို့ဖို့ သိပ်မကျန်တော့ဘူး။ မတ်လ(၂၃)ရက်နေ့အထိတော့ လက်နက်ကြီး ပစ်သံကြားရသေးတယ်။ ဒီနေ့တော့ မကြားရတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၁၉)ရက်နေ့ကလည်း ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းနှင့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းတို့အား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOFက ထုတ်ပြန်သည်။ 

KNLAနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တို့သည် ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် KNU တပ်မဟာ (၆)နယ်မြေ၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ် စကခ (၁၉)လက်အောက်ခံ ခမရ(၅၅၇)၊ (၅၅၈) တပ်သားများ အထိုင်ချတပ်စွဲထားသော မဲသရောထစခန်းကုန်းအား မတ်လ (၁၅)ရက်နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ (၁၈)ရက်နေ့တွင် ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စခန်းကုန်းအား မီးရှို့ရှင်းလင်းခဲ့သည်ဟု သိရသည်။

ထို့နောက် မတ်လ (၁၉)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ထပ်မံအချေချ တပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအား ပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ခဲ့ရာ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သေဆုံးအလောင်း(၅)လောင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း (၆၁)လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency