တာချီလိတ်မြို့မီးလင်းရေးရုံးအနောက်ဘက် တရုတ်နိုင်ငံသား အများအပြား နေထိုင်ရာ နေရာအနီးတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား

တာချီလိတ်မြို့မီးလင်းရေးရုံးအနောက်ဘက် တရုတ်နိုင်ငံသား အများအပြား နေထိုင်ရာ နေရာအနီးတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း စံလင်းဖြိုးအိမ်ရာကွင်းအတွင်း မြို့မီးလင်းရေးရုံးအနောက်ဘက်တွင် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် (၆)ချက် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

စံလင်းဖြိုးအိမ်ရာကွင်းအတွင်းရှိ တာချီလိတ်မြို့မီးလင်းရေးရုံး အနောက်ဘက် တရုတ်နိုင်ငံသားအများအပြား နေထိုင်ရာ နေရာအနီးတွင် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက် (၁၁)နာရီ (၁၀)မိနစ်ဝန်းကျင်အချိန်က ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

"ပထမ (၂)ချက်ပြီးတော့ (၄)ချက် ဆက်တိုက်ပဲ။ ဘယ်သူက ပစ်မှန်းတော့ မသိဘူး။ အဲ့ဒီနားမှာ တရုတ်နိုင်ငံသားတွေ အများကြီးရှိတယ်။ ရဲနဲ့စစ်တပ်ကတော့ အခုထိ လာတာမရှိသေးဘူး။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မြို့မီးလင်းရေးရုံး အနောက်နှင့် ရီဂျီးနားဟိုတယ်အနောက်ဘက်တို့တွင် တရုတ်နိုင်ငံသားအများအပြားနေထိုင်လျက်ရှိပြီး ယခု ပစ်ခတ်မှုဖြစ်ပွားပြီး နံနက်(၁၁)နာရီ (၄၅)မိနစ်အချိန်အထိ ရဲနှင့်စစ်တပ်တို့ ရောက်ရှိလာခြင်း မရှိသေးကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် နိုဝင်ဘာလ၏ ပထမပတ်အလွန်တွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၁၃၀)ကျော် ဖမ်းဆီးခံရမှုရှိပြီး ၎င်းတို့အား ပစ်ဒဏ်ပေးခြင်းမရှိဘဲ တရုတ်အစိုးရထံ အမြန်ဆုံး လွှဲပြောင်းပေးရေးအတွက် တာချီလိတ်မြို့ကနေ ကျိုင်းတုံမြို့သို့ ယခုရက်ပိုင်းအတွင်းက ပို့ဆောင်ထားကြောင်းလည်း သိရသည်။