တော်လှန်ရေးအဖွဲ့များနှင့် ဟန်ချက်ညီပူးတွဲစစ်ဆင်ရေး တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု မဟာမိတ်တပ်များ ကြေညာ

တော်လှန်ရေးအဖွဲ့များနှင့် ဟန်ချက်ညီပူးတွဲစစ်ဆင်ရေး တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု မဟာမိတ်တပ်များ ကြေညာ

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများကို တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ၁၁၀၇ စစ်ဆင်ရေးဟု အမည်ပေးပြီး ကရင်နီပြည်နယ်ထဲ၌ စစ်ဆင်ရေးကို စတင်လိုက်သော KNDFအပြင် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးများကို တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

ထို့အပြင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာပြီး ၁၀၂၇ စစ်ဆင်ရေးကို ဝန်းရံပေးကြသော တော်လှန်ရေးအဖွဲ့အစည်းများ၊ စစ်ဆင်ရေးနှင့် ဟန်ချက်ညီ လှုပ်ရှားလာကြသော အဖွဲ့အစည်းများနှင့်လည်း စစ်ဆင်ရေးကို ယခုထက် ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

စစ်ဆင်ရေးအစမှ ယနေ့အထိ (၁၃)ရက်တာကာလအတွင်း သတ်မှတ်ထားသည့် သိမ်းပိုက်ရရှိခဲ့ပြီးသော မြို့များကိုလည်း  အလုံးစုံ ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး ၎င်းတို့အုပ်ချုပ်ရေးဖြင့် အပြီးသတ်အစားထိုးနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေး၏ စစ်ရေးမျှော်မှန်းချက်များထဲမှ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် စစ်ရေးဆင်နွှဲနေသည်သာမက လောင်းကစားလိမ်လည်မှု (ကျဖျင်)ပပျောက်ရေးနှင့် ဆက်စပ်သော ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာနယ်မြေများတွင် ဆက်လက်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

ရက္ခိုင်ဒေသအတွင်းတွင် စစ်ကောင်စီ၏ စစ်ကြောင်းများ ပိုမိုလှုပ်ရှားသွားလာနေသည်ကို တွေ့ရှိရပြီး ရေလမ်းကြောင်းကို အဓိကအသုံးပြု၍ စစ်ရေးကြိုတင်ပြင်ဆင်နေသည်ဟု ဆိုသည်။

ထို့အပြင် ရက္ခိုင်ဒေသတွင်း မြို့နယ်အချို့တွင် စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများမှ လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုများကို လစဉ်နီးပါး ဆက်တိုက်လုပ်ဆောင်လာနေ‌သည်မှာလည်း ရက္ခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေးအစဟုဆိုသည်။

#TachileikNewsAgency