နမ့်ဆန်ဗျူဟာကို TNLA သိမ်းပြီးနောက် မြို့ကိုထိန်းချုပ်

နမ့်ဆန်ဗျူဟာကို TNLA သိမ်းပြီးနောက် မြို့ကိုထိန်းချုပ်
ဒီဇင်ဘာ 17, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အပြီးသတ်သိမ်းနိုင်ခဲ့ပြီး မြို့ကိုလည်း ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နမ့်ဆန်ဗျူဟာကုန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်ကနေ့ကစတင်ကာ TNLAက တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့ကာ လက်နက်ခဲယမ်း၊ ကားများ၊ ဟောင်ဝှစ်ဇာအမြောက်များကို သိမ်းဆည်းရရှိကာ စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

"ရတော့ရပြီ။ ပစ္စည်းတွေအကုန်လုံးကို စိစစ်နေဆဲပါ။ ပစ္စည်းတွေသိမ်းဆည်းတာ၊ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း။ လက်နက်ခဲယမ်းပစ္စည်းက အများကြီးရတယ်။"ဟု TNLA ရှေ့တန်းရောက် ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ထွက်ပြေးသွားသည့် ဗျူဟာမှူး ကိုလည်း TNLAက ဖမ်းဆီးရမိခဲ့သည်ဟု သိရသော်လည်း TNLAဘက်က အတည်မပြုသေးပါ။

လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများရှိနေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

#TachileikNewsAgency