တရုတ်ကို စစ်ခေါင်းဆောင် အကူအညီတောင်းပြီးနောက် ညီနောင် ၃ဖွဲ့နှင့် စစ်ကောင်စီတို့ ယာယီအပစ်ရပ်

တရုတ်ကို စစ်ခေါင်းဆောင် အကူအညီတောင်းပြီးနောက် ညီနောင် ၃ဖွဲ့နှင့် စစ်ကောင်စီတို့ ယာယီအပစ်ရပ်
ဇန်နဝါရီ 12, 2024 | 2021 Military Coup| ရှမ်းမြောက်

တရုတ်နိုင်ငံကို နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကူအညီတောင်းပြီးနောက် မြောက် ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့၏ သတင်းဌာနကတဆင့် ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့တွင် ပြောဆိုသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၁၀)ရက်နေ့ကစတင်ကာ တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် မြောက်ပိုင်းညီနောင် (၃)ဖွဲ့နှင့် စစ်ကောင်စီတို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ဆက်လက်ပြီး ဆွေးနွေးသွားဖို့လည်းရှိပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာဖို့လည်း ဆက်လက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့ နယ်စပ်ဒေသကုန်သွယ်ရေး၊ ဂိတ်များပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

လက်တလောထွက်ပေါ်လာသည့် သတင်းများအရ နှစ်ဖက်တပ်များ ရောက်သည့်နေရာတွင်ရပ်ပြီး ရှေ့မတိုးဘဲ အပစ်ရပ်ရန်၊ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများဆက်မလုပ်ရန်၊ လေကြောင်းဗုံးကြဲခြင်းများမလုပ်ရန်နှင့် တိုက်ပွဲ အခြေအနေများအပေါ်မူတည်ပြီး နယ်စပ်ကုန်သွယ်ရေးဇုန်များ ပြန်ဖွင့်ရန် သဘောတူညီမှုရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၅)ရက်နေ့က တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr.Sun Weidong မြန်မာ နိုင်ငံသို့ ရောက်ရှိစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်ရေး တရုတ်ကို စစ်ခေါင်းဆောင်က အကူအညီတောင်းခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် မြန်မာနိုင်ငံတွင်ရှိသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံး၏ အကျိုးစီးပွားအတွက်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူဖြစ်စေရမည်ဟု တရုတ်ကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ 

“မြေပြင်အခြေအနေမှာ တင်းမာမှုတွေပြေလျော့ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစပျိုးဖို့ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေများ ပြန်လည်တည်ငြိမ်စေဖို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ပြောကြားခဲ့တာရှိပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (၃၀၀)ဝန်းကျင်နှင့် ကိုးကန့်ဒေသ၊ တအာင်းဒေသများမှ မြို့ပေါင်း(၂၀)ဝန်းကျင်ကို TNLAနှင့် MNDAAတပ်များက သိမ်းပိုက်ထားသည်။

#TachileikNewsAgency