ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ ကားတစ်စီးနှင့် လက်နက်ခဲယမ်း တချို့ကို KPDF သိမ်းဆည်းရရှိ 

ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ ကားတစ်စီးနှင့် လက်နက်ခဲယမ်း တချို့ကို KPDF သိမ်းဆည်းရရှိ 
အောက်တိုဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်း KPDFတပ်တို့ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း KPDFတပ်ဖွဲ့ထံမှ သိရသည်။

ဆိုင်းတောင်ရွာရှိ KPDF တပ်ဖွဲ့များရောက်ရှိနေသည့်နေရာကို စစ်ကောင်စီတပ်များက နေ့လယ်(၁၂)နာရီဝန်းကျင်က လာရောက်တိုက်ခိုက်ရာက ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“သူတို့က ကျွန်တော်တို့ကို လာဝိုင်းတာပေါ့နော်။ ကျွန်တော်တို့ KPDF တွေရှိတဲ့ဆီကိုလာဝိုင်းတာ။ လာဝိုင်းတဲ့ဟာကို ကျွန်တော်တို့က ဝိုက်ပြီးပြန်လုပ်လိုက်တော့ တိုက်ပွဲဖြစ်တာပေါ့။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ သူတို့ဘက်ကတော့ အတိတကျတော့မဟုတ်သေးဘူး (၆)ယောက်လောက်ထိတယ်။ နောက်ပြီး ကားတစ်စီးနဲ့ လက်ထောက်တွဲတစ်လက်ရတယ်။”ဟု KPDFတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကုန်းအနီးတွင် နေ့လယ်ပိုင်းကစတင်ကာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအနီးရှိ ကျောင်းလည်းပိတ်၍ ကျောင်းသားများကို ပြန်လွှတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။ 

“အခုတော့ ပစ်ခတ်သံတွေ ငြိမ်သွားပြီ။ အပြင်မထွက်ရသေးလို့ ဘာသတင်းမှတော့ သေချာမသိသေးဘူး။”ဟု ဆိုင်းတောင်ရွာမှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပစ်ခတ်မှုများကြောင့် ဒေသခံများ ကျေးရွာအတွင်းပိတ်မိနေခဲ့ပြီး ဒေသခံများ ထိခိုက်သေဆုံးသူရှိ၊ မရှိကိုမူ မသိရသေးပါ။

ထို့အပြင် လုံးခင်းကျေးရွာအပိုင် ကဋေမှော်ရွာအဝင်တွင်လည်း အချဥ်ပေါင်းသည်တစ်ဦး ယနေ့ နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရကာ သေဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo :အောင်ဇော်မိုး ဖားကန့်