မြဝတီမြို့အဝင်ရှိ စစ်ကောင်စီ၏ ခမရ ၂၇၅ တပ် အလံဖြူထောင် လက်နက်ချ 

မြဝတီမြို့အဝင်ရှိ စစ်ကောင်စီ၏ ခမရ ၂၇၅ တပ် အလံဖြူထောင် လက်နက်ချ 

 ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်ရှိ စစ်ကောင်စီ၏ ခမရ(၂၇၅)တပ်စခန်းက ၂၀၂၄ ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် အလံဖြူထောင်၍ လက်နက်ချလိုက်ရာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

“မြဝတီနဲ့ သင်္ဃန်းညီနောင်ကို သိမ်းလိုက်ပြီ။ စုစုပေါင်း အင်အား ၆၀၀ လောက် လက်နက်ချတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့တွင် သင်္ဃန်းညီနောင်ဗျူဟာကုန်းကို သိမ်းနိုင်ခဲ့ပြီး မြို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ စခန်းသိမ်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သားတချို့ကို ဖမ်းဆီးရမိ ခဲ့သည့်အပြင် လက်နက်ခဲယမ်း ရာနှင့်ချီ၍ သိမ်းဆည်းရရှိခဲ့သည့် Tachileik News Agency ကိုပြောသည်။

“လက်ရှိမှာ မြဝတီတောင်ဖက်ခြမ်းက စစ်ကောင်စီတပ်ရဲ့ ဖလူး၊ အင်ကြင်းမြိုင်၊ မင်းလပ်ပန်၊ ထိမယ်ဝါးခီး တပ်စခန်းတွေ အပါအဝင် BGF ထိန်းချုပ်နယ်မြေ မေတ္တာလင်းမြိုင်နားအထိကို တော်လှန်ရေးတပ်တွေက သိမ်းပိုက် လိုက်ပြီ။ မြဝတီမြို့အဝင်က ခမရ(၂၇၅)ကလည်း အလံဖြူထောင်လိုက်ပြီ။”ဟု ၎င်းက ပြောသည်။

မြဝတီမြို့အဝင်တွင် တစ်ခုတည်းရှိသည့် စစ်ကောင်စီတပ် ခမရ(၂၇၅)တပ်စခန်းကို တော်လှန်ရေးတပ်များသိမ်းခြင်းနှင့် စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံခြင်းကိုလည်း ယနေ့မဲဆောက်ကို တိမ်းရှောင်လာသည့် မြဝတီမြို့ခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

“လက်နက်ချတာတော့ သိတယ်။ ဘယ်လိုမှမရတော့လို့ ထွက်ပြီးအဖမ်းခံတာ။ ကြောက်ရတာက လေယာဉ်ကိုကြောက်ရတာ။ နို့မို့ဆို ပြေးစရာအကြောင်းမရှိတော့ဘူး။ ”ဟု ၎င်းကပြောသည်။

မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်၏ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA)ပူးပေါင်းတပ်များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ရာ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်မှာ ထွက်ပြေးသွားကြောင်း သိရသည်။

သင်္ဃန်းညီနောင်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်သည် မြစ်ကြီးနားမြို့နယ် အမှတ် (၃)စစ်ဗျူဟာမှူးအဖြစ်မှ ၂၀၂၃ ဧပြီလတွင် သင်္ဃန်း ညီနောင်အခြေချ စစ်ဗျူဟာမှူးဖြစ်လာသူဖြစ်သည်။ 

၎င်းမတိုင်မီ စစ်ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးဝင်းနေလွင်ဖြစ်ပြီး ဗိုလ်မှူးကြီးထွန်းထွန်းလတ်သည် ၂၀၂၁ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွင်းရန် ဦးဆောင်သူဖြစ်သည်။ 

တိုက်ပွဲဆက်လက်ဖြစ်ပွားနေသဖြင့် ဗျူဟာမှူး ထွန်းထွန်းလတ်သည် မည်သည့်တပ်စခန်းကို ထွက်ပြေးသွားသည်ကိုမူ အတည်မပြုနိုင်သေးဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆက်ပြောသည်။ 

စစ်ကောင်စီသည် ယမန်နေ့မှစ၍ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ရာတွင် ဆင့်ပွားပေါက်ကွဲနိုင်သည့် ကလပ်စတာဗုံးများကိုပါ အသုံးပြုတိုက်ခိုက်သည်ဟု တော်လှန်ရေးအဖွဲ့ဘက်မှ ဆိုသည်။

ယမန်နေ့က စတင်သည့် မြဝတီ၊ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်တိုက်ပွဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ တိုက်ပွဲများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရခြင်းဖြစ်သည်။

ပုံအညွှန်း - မြဝတီနှင့်သင်္ကန်းညီနောင် တွင် သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ



 

Photo: KNLA, CJ