ကျောက်မဲ - သီပေါအကြား တိုက်ပွဲကြောင့် ပျက်စီးခဲ့ရသည့် ကျင်သီတံတားကို ပြန်လည် ပြုပြင်နေခြင်း မဟုတ်ဘဲ ကျောက်မီးသွေးသယ်ရန်အတွက် ကားအတင်အချ ပြုလုပ်နေခြင်းသာ ဖြစ်

Photo: Hsipaw Updates News
Photo: Hsipaw Updates News
ကျောက်မဲ - သီပေါအကြား တိုက်ပွဲကြောင့် ပျက်စီးခဲ့ရသည့် ကျင်သီတံတားကို ပြန်လည် ပြုပြင်နေခြင်း မဟုတ်ဘဲ ကျောက်မီးသွေးသယ်ရန်အတွက် ကားအတင်အချ ပြုလုပ်နေခြင်းသာ ဖြစ်
ဇန်နဝါရီ 19, 2024 | ရှမ်းမြောက်

ရှမ်းပြည်နယ် သီပေါနှင့်ကျောက်မဲကြားရှိ ကျင်သီတံတား ကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအတွက် သွားလာရေးအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကျောက်မဲ နှင့် သီပေါအကြား တိုက်ပွဲအတွင်း (၂)လကျော်အကြာ ဖျက်ဆီးခံထားရသည့် ကျင်သီတံတားကို ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့အထိ ပြုပြင်နိုင်ခြင်းမရှိသေးဘဲ ကျင်သီတံတားတွင် မြေသယ်ကားများ အတင်အချပြုလုပ်နေသည်မှာ  တံတားပြင်နေသည်မဟုတ်ဘဲ ကျောက်မီးသွေးများ အတင်အချပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ကျင်သီတံတားတွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က စပြီး ယနေ့အချိန်အထိ မြေသယ်ကားများ အတင်အချပြုလုပ်နေသည်ကို တွေ့ရ၍ တံတားပြုပြင်သည်ဟု ဒေသခံများက ထင်ယောင်မှားဖြစ်ခဲ့ကြသည်ဟု သိရသည်။

"ကျင်သီတံတားမှာ မြေသယ်ကားတွေ အတင်အချလုပ်နေတော့ တံတားပြန်ပြင်နေတယ်ထင်ပြီး ဝမ်းသာနေတာ။ တကယ်က (AAA)ဘိလပ်မြေစက်ရုံက လောင်စာအတွက် အသုံးပြုဖို့ ကျောက်မီးသွေးတွေကို အတင်အချလုပ်တာတဲ့ဗျာ။ တံတားက ကျိုးထားတော့ ကားတွေသွားလို့မရတော့ တံတားအောက်ထိ ကျောက်မီးသွေးတွေကို သွန်ချပြီး ဘတ်ဟိုးနဲ့ပြန်သယ်ယူတင်ဆောင်တဲ့ သဘောပေါ့ဗျာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့က ကျင်သီတံတားအနီးရှိ အာဏာသိမ်း စစ်ကောင်စီတပ်၏ စခန်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က  ဝင်ရောက်တိုက် ခိုက်ပြီးနောက် တံတားလည်း တိုက်ပွဲကြောင့် ကျိုးကျပျက်စီးခဲ့ရကာ ယနေ့အချိန်ထိ ပြန်လည်တည်ဆောက် နိုင်ခြင်းမရှိသေးဟု သိရသည်။