လက်ခတ်တောင်ကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ သာသနိကအဆောက်အဦးများ ပျက်စီး

လက်ခတ်တောင်ကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ သာသနိကအဆောက်အဦးများ ပျက်စီး
စက်တင်ဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ (၄)ရက်နေ့ နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သာသနိကအဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသော လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်(၂)စီးဖြင့် (၃)ကြိမ် ဗုံးကြဲတိုက်ခဲ့ရာ ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ သာသနိကအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၁)က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၈)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် လက်ခတ်တောင်ကို တိုက်လေယာဉ်(၂)စီးဖြင့် (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သာသနိကအဆောက်အဦး အများအပြား ပျက်စီးခဲ့သည်။

လက်ခတ်တောင်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်နှင့် Federal Wingsတို့က ဇူလိုင်လ (၂၀)ရက်နေ့တွင် တိုက်ခိုက်ပြီး ဇူလိုင်လ (၂၁)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့က အဆိုပါ စခန်းကုန်းအား ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : Black Panther Column - တပ်ခွဲ ၁