ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာရှိ NUG တရားရုံးကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ၊ တရားသူကြီးအပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာရှိ NUG တရားရုံးကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ၊ တရားသူကြီးအပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တရားရုံးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တရားသူကြီးအပါအဝင် (၅)ဦး သေဆုံးသွားကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောကြားချက်အရ ဒလန်သတင်းပေးမှုကြောင့် တရားရုံးတည့်တည့်ကို လေယာဉ်ဖြင့် (၂)ကြိမ် ဗုံး (၄)လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး တရားသူကြီး ဦးပေါပြည့်အောင်နှင့် ဇနီး၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) ရဲဘော်တစ်ဦးနှင့် တရားရုံးချိန်းလာရောက်သည့် သားအမိနှစ်ဦးတို့ သေဆုံးသွားသည်ဟု သိရသည်။

"ဗုံးက တစ်ကြိမ်ကြဲရင် (၂)လုံးနဲ့ နှစ်ကြိမ်ကြဲသွားတာ။ တရားရုံးပေါ် တည့်တည့်ကျတာဗျ။ အရပ်သား မိခင်က တရားရုံးချိန်းလာတာ။ (၂)နှစ်အရွယ် ကလေးပါ ပါလာတာ။ ကလေးက ခြေတွေ၊ လက်တွေပြတ်သွားတာ။"ဟု Pale Joker PDFတပ်ဖွဲ့မှ ရဲ ဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် အရပ်သား(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများကို ယနေ့တွင်ပင် ဈာပနပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်ရှေ့မှာဖြစ်သွားတာ မကြောက်ဘူး။ စိတ်မကောင်းတော့ဖြစ်ရတယ်။ လေယာဉ်လာတာ သိလိုက်တယ်။ ကျွန်‌တော်က မြင်လို့မြောင်းထဲမှာဝပ်လိုက်တာ။ သူတို့ကတော့ ပုန်းချိန်မရလိုက်တာလားမသိလိုက်ဘူး။"ဟု ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ NUGဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်ရှင်းလင်းမှု

ကြောင့် NUG တရားရေး ဥက္ကဋ္ဌ ဦးသိန်းအောင် အပါအဝင်  PDFများ အသေအပျောက်များပြားကာ KIA ရဲဘော်များလည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသည်ဟု ဝါဒဖြန့်ထားသည်။

#TachileikNewsAgency