ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်း ၃ ဖွဲ့တိုက်ခိုက်နေ

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်း ၃ ဖွဲ့တိုက်ခိုက်နေ
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ် သားတချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိထားကြောင်း ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် MNDAA က သတင်းထုတ်ပြန်သည်။

ယမန်နေ့က နမ်ပေါင့်၊ ချင်းရွှေဟော်၊ မုံးကို စစ်တပ်အထိုင်စခန်းများကို MNDAAကစတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်နှင့် လောက်ကိုင်တို့တွင် တိုက်ပွဲများဖြစ်နေပြီး ချင်းရွှေဟော်ဖောင်ဆိပ်စခန်းကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်းက သိမ်းဆည်းလိုက်ကြောင်း သိရသည်။ 

လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းမတို့ကို အရေးပေါ်ပိတ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ တွင် သတင်းထုတ်ပြန်ထားပြီး ၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်းကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့တွင်ကြေညာလာသည်။

#TachileikNewsAgency

Photo : The Kokang