ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပြီးနောက် MNDAAက နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်း၊ မူးယစ်ဆေးနှင့် အလောင်းများတွေ့ရှိ

ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပြီးနောက် MNDAAက နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်း၊ မူးယစ်ဆေးနှင့် အလောင်းများတွေ့ရှိ
အောက်တိုဘာ 25, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့ တိုက်ပွဲဖြစ်ပြီးနောက် MNDAAက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်းတချို့နှင့် မူးယစ်ဆေးဝါးများအား သိမ်းဆည်းရရှိခဲ့ကြောင်း The Kokaungက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၄)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူ့စစ်များနှင့်ပူးပေါင်းကာ MNDAAတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ MNDAAဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိပြီး ယင်းနေ့တွင် စစ်ကောင်စီတပ်၏ ကျည်ဘောက်(၁)ခုနှင့် ကျည်တောင့် (၂၆)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ (၂၄)ရက်နေ့တွင် MNDAAမှ တိုက်ပွဲဖြစ်ပွားသောနေရာကို နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းတချို့နှင့် မူးယစ်ဆေးဝါး(၄)ထုတ်ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကာ သေဆုံးပြည်သူ့စစ်အဖွဲ့ဝင်များအား မြေမြုပ်ထားခဲ့သည်ကို တွေ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ယနေ့ အောက်တိုဘာလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များ အခြေချနေသည့် ရှိပတ်လင်စာသင်ကျောင်းကို MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူရှိပြီး ဒရုန်း(၂)စီးနှင့် ကား(၄)စီးဖျက်ဆီးနိုင်ခဲ့ကာ ကျည်ကာအင်္ကျီတစ်ထည်၊ ကျည် ဘောက်(၃)ခုနှင့် ကျည်တောင့်(၆၀)အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၁)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်း ကိုးကန့်ပြည်သူ့စစ်အဖွဲ့တို့နှင့် MNDAAတို့ ကိုးကန့်ခရိုင် ရှင်ဝမ်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

#TachileikNewsAgency

Photo : The Kokang