နောင်ချိုကို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးရမိ စစ်ကောင်စီတပ်သားများကို PDF မန္တလေးက ဆေးကုသမှုပေး

နောင်ချိုကို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးရမိ စစ်ကောင်စီတပ်သားများကို PDF မန္တလေးက ဆေးကုသမှုပေး
နိုဝင်ဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ပြင်ဦးလွင်မှ နောင်ချိုသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့အား PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများအား ဆေးကုသပေးနေကြောင်း ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(မန္တလေး)ထံမှ သိရသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ပြင်ဦးလွင်မှ နောင်ချိုသို့ ဦးတည်ထွက်ခွာလာသော သံချပ်ကာ(၂)စီးပါ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သံချပ်ကာကားတစ်စီး ပျက်စီးပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကာ စစ်ကောင်စီတပ်သား (၂)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သံချပ်ကာကား (၂)စီးအပါအဝင် စစ်ကား(၃၀)ခန့် အင်အား(၁၅၀)ဝန်းကျင်ပါ စစ်ကောင်စီယာဥ်တန်းအား နောင်ချိုမြို့နယ် အုမ္မသီး၊အုမ္မခါး လမ်းခွဲအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သံချပ်ကာ(၁)စီး ပျက်စီးကာ နောက်ပြန်ဆုတ်ခွာသွားပြီး ၎င်းတို့ထံမှ MA1 (၁)လက်၊ MA2 (၃)လက်၊ MA3 (၂)လက်နှင့် ဆက်စပ်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း တိုက်လေယာဉ်ဖြင့် (၂)ကြိမ် ဦးစွာတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဥ်အချိန်တွင်လည်း တိုက်လေယာဉ်မှ စက်သေနတ်များဖြင့် (၁၄)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တို့က်ပွဲမှာ ယနေ့ နိုဝင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ လက်နက်ချ အလင်းဝင်ပါက လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ထားရှိမည်ဖြစ်ကြောင်း 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးထားသည်။

#TachileikNewsAgency