မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရမှုများ သိသာစွာ မြင့်တက်လာ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရမှုများ သိသာစွာ မြင့်တက်လာ
ဖေဖော်ဝါရီ 23, 2023 | 2021 Military Coup| အခြားဒေသများ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုများ သိသာစွာ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

 မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် နေ့စဥ် လူ (၁) ဦးကျော် ထိခိုက်ဒဏ်ရာ သို့မဟုတ် သေဆုံးနေခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဥ်ပါက (၄၀) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်နက်ကိုင်တော်လှန်ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People's Denfece Forces (PDF) များလည်း ပေါ်ပေါက်လာခဲ့သည်။

မြန်မာနိုင်ငံမှာ လူများကို တိုက်ခိုက်သည့် မိုင်းများ အသုံးပြုမှု၊ သိုလှောင်ထားမှု သို့မဟုတ် ထုတ်လုပ်မှုတို့ကို တားမြစ်ပိတ်ပင်ထားသည့် ကုလသမဂ္ဂ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။ 

 ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ United Nations Children's Fund (UNICEF) ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းများ သို့မဟုတ် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် လူ (၃၉၀) ဦး ထိခိုက်ဒဏ်ရာရခဲ့ သို့မဟုတ် သေဆုံးခဲ့ကြောင်း သိရပြီး ထိုအရေအတွက်မှာ ၂၀၂၁ ခုနှစ်ကထက် (၄၀) ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။

မြေမြှုပ်မိုင်းများ သို့မဟုတ် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှု ဖြစ်ရပ်များအနက် သုံးပုံနှစ်ပုံခန့်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်ကြား တိုက်ခိုက်မှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်မှုများ ဆယ်စုနှစ်များကြာ ဖြစ်ပွားနေခဲ့သည့် နယ်စပ်ဒေသများတွင်ဖြစ်ကြောင်း သိရသည်။ 

ထိုဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သစ်၊ ကျောက်စိမ်းကဲ့သို့ သယံဇာတ အရင်းအမြစ်များနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုတို့ကို ထိန်းချုပ်ရေးတို့နှင့် ပတ်သက်၍ တိုက်ခိုက်မှုများ ဖြစ်ပွားနေခဲ့သည်။

မြေမြှုပ်မိုင်းများ သို့မဟုတ် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှု ဖြစ်ရပ်များအနက် ငါးပုံတစ်ပုံနီးပါးမှာမူ ယခင်က ငြိမ်းချမ်းနေခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲများ နေ့စဥ်ရက်ဆက် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း သိရသည်။ 

စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်အတွင်း မြေမြှုပ်မိုင်းများ သို့မဟုတ် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ (၂၅၄) ဦးရှိခဲ့ကြောင်း UNICEF စာရင်းက ဖော်ပြသည်။

မြန်မာစစ်တပ်မှာ ဆယ်စုနှစ်များကြာပြီဖြစ်သည့် ပြည်တွင်းပဋိပက္ခအတွင်း ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း အကြိမ်ကြိမ် စွပ်စွဲခံထားရသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်က ခရစ်ယာန်ဘုရားကျောင်းများတဝိုက်နှင့် စပါးစိုက်ခင်းများသို့သွားရာ လမ်းကြောင်းများ အပါအဝင် နေရာများတွင် မြေမြှုပ်မိုင်း အမြောက်အမြားကို ထောင်ထားခဲ့ကြောင်း Amnesty International လူ့အခွင့်အရေးအုပ်စုက ၂၀၂၂ ခုနှစ်အတွင်း ပြောခဲ့သည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စု၏ တပ်ဖွဲ့များက (၂) နှစ်အတွင်း လူ (၃,၀၀၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူ (၁၉,၀၀၀) ကျော်ကို ဖမ်းဆီးခဲ့သည်။

Source: Bangkok Post

 Photo: AFP,