ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ်၏ ဝန်ဆောင်မှုများကို နိုဝင်ဘာလမှ စ၍ (၂၄) နာရီဝန်ဆောင်အမှုအဖြစ် တိုးမြှင့်သွားမည် 

ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ်၏ ဝန်ဆောင်မှုများကို နိုဝင်ဘာလမှ စ၍ (၂၄) နာရီဝန်ဆောင်အမှုအဖြစ် တိုးမြှင့်သွားမည် 
အောက်တိုဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ် Chiang Mai International Airport ၏ ဝန်ဆောင်မှုပေးချိန်ကို (၂၄) နာရီအထိ တိုးမြှင့်သွားမည် ဖြစ်သည်။ 

ချင်းမိုင်လေဆိပ် ဝန်ဆောင်မှုပေးချိန် တိုးမြှင့်သွားမည့် ဆုံးဖြတ်ချက်ကို Airports of Thailand (AOT) ၏ ဥက္ကဌ Keerati Kijmanawat နှင့် ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Nirut Pongsitthithaworn တို့က ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကြေညာခဲ့သည်။

ထိုင်းအစိုးရသစ်၏ ခရီးသွားလုပ်ငန်းကို အားပေးရန်နှင့် စီးပွားရေးနာလန်ထူမှု မြှင့်တင်ရန် မူဝါဒနှင့်အညီ ချင်းမိုင်လေဆိပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ (၂၄) နာရီ ဝန်ဆောင်မှု စတင်သွားမည် ဖြစ်သည်။ 

လေဆိပ်၏ (၂၄) နာရီ ဝန်ဆောင်မှုကြောင့် လေဆိပ်ပတ်ဝန်းကျင် လူနေရပ်ကွက်များကို အနှောင့်အယှက်ဖြစ်မှု အနည်းဆုံးဖြစ်စေရန် ဂရုတစိုက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ချင်းမိုင်လေဆိပ် ဝန်ဆောင်မှုပေးချိန် တိုးမြှင့်ရန် ဆုံးဖြတ်ချက်ကို ၂၀၀၅ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော Environmental Impact Assessment (EIA) အကဲဖြတ်မှုအပေါ် အခြေခံ၍ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

EIA ကို အခြေခံမှုအရ ချင်းမိုင်လေဆိပ်တွင် ည (၁၀) နာရီမှ နံနက် (၇) နာရီအတွင်း အများဆုံး လေယာဥ်ခရီးစဥ် (၁၂) ခုကို ဝန်ဆောင်မှုပေးနိုင်ကြောင်း Khaosod သတင်းဌာနက ဖော်ပြသည်။

 

Source: Khaosod