ပြည်ပနိုင်ငံတချို့သည် ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေဟု အာဏာသိမ်းခေါင်းဆောင်က ပြော၊ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်ဟုလည်းဆို

ပြည်ပနိုင်ငံတချို့သည် ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေဟု အာဏာသိမ်းခေါင်းဆောင်က ပြော၊ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်ဟုလည်းဆို
အောက်တိုဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

ပြည်ပနိုင်ငံတချို့သည် ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်နေသည့် NCA (၈)နှစ်ပြည့် အခမ်းအနားတွင် ပြောဆိုလိုက်သည်။

“ဒီမိုကရေစီစနစ်ကို ကာကွယ်ကျင့်သုံးနေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံတချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးနေတာတွေ၊ မြှောက်ထိုးပင့်ကော်ပြုလုပ်နေတာတွေကိုလည်း တွေ့ရှိရပါတယ်။ ဒါတွေဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေတာ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတာပဲ ဖြစ်ပါတယ်။”ဟု အာဏာရှင်မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် တပ်မတော်ကို မုန်းတီးခြင်းကြောင့်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုသည်မှာ ယနေ့အထိမရှိကြောင်း၊ နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိုင်ငံရေးနည်းနှင့် မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ရာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေရခြင်းသာဖြစ်ကြောင်း လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အခြေအနေများအား သုံးသပ်ကြည့်ပါက လွတ်လပ်ရေးရပြီးကာစ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့သည့် အခြေအနေမျိုးဖြစ်နေကြောင်း မင်းအောင်လှိုင်ကပြောသည်။

“ကျွန်တော်တို့အစိုးရအနေနဲ့ကတော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းသွားမှာပဲဖြစ်ပါတယ်။ ဒီလိုလျှောက်လှမ်းနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ အခင်းအကျင်းတွေကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒမှန်ကိုဖော်ထုတ်နိုင်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလည်း အလေးအနက်ပြောကြားလိုပါတယ်။”ဟု မင်းအောင်လှိုင်က ပြောသည်။

အဆိုပါ NCA(၈)နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဥက္ကဌဟောင်းများတက်ရောက်နေခြင်းဖြစ်ကာ KNU၊ CDF၊ ABSDFတို့က NCA ပျက်ပြယ်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး‌ အဆိုပါပွဲကို တက်ရောက်ခဲ့ခြင်းမရှိပါ။

#TachileikNewsAgency