ကျေးရွာအတွင်း တပ်စခန်းချနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို PDF တပ်များတိုက်ခိုက်

ကျေးရွာအတွင်း တပ်စခန်းချနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို PDF တပ်များတိုက်ခိုက်
စက်တင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် သင်တောကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား (၁၀၀)ကျော်ဖြင့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့က စစ်ကြောင်းထိုး၍ တပ်စွဲနေသဖြင့် ဒေသကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် သင်တောကျေးရွာအတွင်းတပ်စွဲရန် နေအိမ်များအား ဖျက်ဆီး၍ ဘန်ကာများတည်ဆောက်နေရာ ဒေသကာကွယ်ရေးတပ်များက နံနက်ပိုင်းမှ နေ့လယ်(၂)နာရီအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ယနေ့ စက်တင်ဘာလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်က ထိခိုက်သေဆုံးသူရှိကာ လက်နက်ကြီး အများအပြားအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် KKGတပ်ရင်းမှ ရဲဘော်တစ်ဦး ခြေထောက်တွင်လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် သင်တောကျေးရွာမှ ဒေသခံများကို ဖမ်းဆီး၍ ကတုတ်ကျင်းများတူးခိုင်းကာ အထိုင်ချရန် ကြိုးပမ်းနေစဉ် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဉ် ဟံသာဝတီကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများမှ (၁၂၀)မမ များဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ ပစ်ကူပေးခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သင်တောကျေးရွာရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရွှေဘိုကျေးရွာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ABSDFက သတင်းထုတ်ပြန်ထားသည်။ 

တိုက်ခိုက်မှုကို ပကဖ အဖွဲ့ဝင်များမှဦးဆောင်၍ ဂန့်ဂေါခရိုင် အမှတ်(၁၊ ၁၂၊ ၁၄)၊ ABSDF၊ KKGနှင့် Hyper UAV Forceတို့မှ ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency