ဖိလစ်ပိုင်နိုင်ငံ၏ တောင်ပိုင်းဒေသတွင် Nalgae မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ (၃၁) ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ၏ တောင်ပိုင်းဒေသတွင် Nalgae မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ (၃၁) ဦး သေဆုံး
အောက်တိုဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကို မုန်တိုင်းတစ်ခု ချဥ်းကပ်လာမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့မှုအတွင်း လူ (၃၁) ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ (၂၈) ရက်တွင် ပြောသည်။ 

Nalgae မုန်တိုင်း ချဥ်းကပ်လာမှုကြောင့် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ မင်ဒါနာအိုကျွန်းပေါ်ရှိ လူဦးရေ (၃၀၀,၀၀၀) နေထိုင်ကြသည့် ကိုတာဘာတိုမြို့ ဝန်းကျင်ရှိ ကျေးလက်ဒေသများတွင် လဲကျခဲ့သည့်သစ်ပင်များ၊ ကျောက်တုံးများနှင့် ရွံ့နွံများ ရေစီးနှင့်အတူ မျောပါလာခဲ့သည်။

ဒေသခံအများအပြားမှာ လျင်မြန်စွာ မြင့်တက်လာသည့် ရေကြီးမှုကြောင့် ပြင်ဆင်ချိန်မရခဲ့ကြရသည်ဟု ဒေသဆိုင်ရာအစိုးရ၏ ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲနှင့် ပြောခွင့်ရအမျိုးသား Naguib Sinarimbo က AFP သတင်းဌာနကို ပြောသည်။ 

"အရုဏ်မတက်မီမှာ ရေတွေ အိမ်ထဲစဝင်လာခဲ့တယ်" ဟု ၎င်းကပြောခဲ့ပြီး မုန်တိုင်းတိုက်ခတ်ခဲ့သည့် ဒေသများတွင် သေဆုံးသူအရေအတွက် (၃၁) ဦးရှိလာကြောင်းနှင့် အစောပိုင်းတွင် (၁၃) ဦးရှိခဲ့ရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ကယ်ဆယ်ရေးသမားများက Datu Odin Sinsuat နယ်မြေမှ အလောင်း (၁၆) လောင်း၊ Datu Blah Sinsuat နယ်မြေမှ အလောင်း (၁၀) လောင်းနှင့် Upi နယ်မြေမှ အလောင်း (၅) လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း Naguib Sinarimbo က သတင်းထောက်များကို ပြောသည်။ 

ကယ်ဆယ်ရေးသမားများက ရေကြီးမှုအတွင်း ဒေသခံအချို့ကို ရာဘာလှေများဖြင့် နေအိမ်ခေါင်းမိုးများပေါ်ကနေ ကယ်ဆယ်ခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။

 

Upi မြို့တွင် အလှမယ်ပြိုင်ပွဲတစ်ခုကို ဗီဒီယိုရိုက်ကူးနေစဥ် ညသန်းခေါင်ကျော်အချိန်၌ ရုတ်တရက် ရေကြီးလာခဲ့ပြီး ပရိသတ်များ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရကြောင်း ပြည်တွင်းရုပ်ရုင်ရိုက်ကူးသူ Remar Pablo က AFP ကို ပြောသည်။ 

၎င်းရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းတစ်ခုအရ လမ်းမပေါ်ရှိ ကားများ ရေထဲတွင်တစ်ဝက်နစ်မြုပ်နေသည်ကို တွေ့ရသည်။

ဖိလစ်ပိုင် မိုးလေဝသဌာနက ထုတ်ပြန်ချက်အရ မိုးသည်းထန်ပြီး ရေကြီးမှုများမှာ အပူပိုင်းမုန်တိုင်း Nalgae ကြောင့်ဖြစ်ပြီး ထိုမုန်တိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်တွင် ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းထားသည်။ 

Nalgae မုန်တိုင်းမှာ ယခုအခါ မြောက်ဘက် သို့မဟုတ် ဖိလစ်ပိုင်း အလယ်ပိုင်းဒေသများသို့ ဦးတည်နေပြီး အောက်တိုဘာလ (၂၈) ရက် နှောင်းပိုင်းတွင် Samar ကျွန်းကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်နိုင်ခြေကို ချန်လှပ်ထား၍မရကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောသည်။

မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့် နေရာဒေသများမှ လူဦးရေ (၅,၀၀၀) နီးပါးကို ရွှေ့ပြောင်းပေးထားကြောင်း ပြည်သူ့ကာကွယ်ရေးရုံးက ထုတ်ပြန်သည်။ 

ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း နိုင်ငံတဝန်း နေရာအတော်များများတွင် ကူးတို့သင်္ဘော ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားသည်။ ကျွန်းစုနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်တွင် နေ့စဥ် လူဦးရေ ထောင်ပေါင်းများစွာက စက်လှေ သို့မဟုတ် သင်္ဘောများဖြင့် ကူးလူးသွားလာနေကြသည်။

ဖိလစ်ပိုင်ကို ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မုန်တိုင်းအရေအတွက် (၂၀) ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး လူနှင့်မွေးမြူရေးတိရိစ္ဆာန်များ သေဆုံးမှုနှင့် လယ်ယာမြေများ၊ အိမ်များ၊ လမ်းမများနှင့် တံတားများ ပျက်စီးမှုတို့ ကြုံကြရသည်။ 

ဖိလစ်ပိုင်တောင်ပိုင်းကိုမူ မုန်တိုင်းဝင်ရောက်မှု ရှားပါးသည်ဟုလည်း ဆိုသည်။ ရာသီဥတုဖောက်ပြန်မှု ကမ္ဘာကြီးပူနွေးလာရာမှ မုန်တိုင်းများ ဖြစ်ပွားမှုအကြိမ်ရေ ပိုများလာပြီး ပိုမိုအားကောင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။



Source: AFP

Photo: Handout/Philippine Coast Guard/AFP, AFP/Remar Pablo, Sultan Kudarat Maritime Police / AFP, Twitter/midsunray, Photo: Philippines Marines Battalion Landing Team 5