ပါကစ္စတန်နိုင်ငံတွင် ရက်ပေါင်းကြာရှည် ရေကြီးရေလျှံမှုက ပင်လယ်ပြင်ကဲ့သို့ ဖြစ်နေပြီး ရေဘေးသင့်သူ (၃၃)သန်းကျော် နှင့် သေဆုံးသူ (၁,၃၀၀)ကျော်အထိ ရှိလာ

ပါကစ္စတန်နိုင်ငံတွင် ရက်ပေါင်းကြာရှည် ရေကြီးရေလျှံမှုက ပင်လယ်ပြင်ကဲ့သို့ ဖြစ်နေပြီး ရေဘေးသင့်သူ (၃၃)သန်းကျော် နှင့် သေဆုံးသူ (၁,၃၀၀)ကျော်အထိ ရှိလာ
စက်တင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရေကြီးနေသည့် ပါကစ္စတန်နိုင်ငံ နေရာဒေသများမှာ ပင်လယ်ပြင်ကဲ့သို့ ဖြစ်နေကြောင်း ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ရေဘေးသင့် ဒေသအချို့သို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် စက်တင်ဘာလ (၇) ရက်နေ့တွင် ပြောသည်။ 

ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံမှာ ရေနစ်မြုပ်နေပြီး မုတ်သုန်မိုးများ စတင်ရွာသွန်းခဲ့သည့် ဇွန်လမှ စပြီး ဩဂုတ်လ (၃၀) ရက်နေ့အထိ လူ (၁,၁၃၆) ဦးသေဆုံးခဲ့ရာမှာ စက်တင်ဘာလ(၇)ရက်နေ့အထိ သေဆုံးသူ အရေအတွက်မှ (၁,၃၄၃) ဦးအထိ ရှိလာခြင်း ဖြစ်သည်။

ပါကစ္စတန်လူဦးရေ သန်း (၂၂၀) အနက် (၃၃) သန်းကျော်မှာ ရေဘေးသင့်နေကြပြီး လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြရကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ခန့်မှန်းထားသည်။ 

"အဲဒီမှာ ပျက်စီးမှုအတိုင်းအတာကို ယုံမှာ မဟုတ်ဘူး။ မျက်စိတစ်ဆုံး ကြည့်လိုက်ရင် နေရာတိုင်းမှာ ရေတွေချည်းပဲ။ ပင်လယ်ပြင်တစ်ခုလိုပဲ" ဟု ဝန်ကြီးချုပ်ရှရစ်ဖ်က ပြောသည်။

ပါကစ္စတန်အစိုးရက ရေဘေးသင့်ပြည်သူများအတွက် ပါကစ္စတန်ရူပီးငွေ (၇၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁၃.၉ သန်း) တိုးမြှင့်ထုတ်ပေးခဲ့ပြီး နေအိမ်စွန့်ခွာခဲ့ရသည့် မိသားစုများအတွက် ရွက်ဖျင်တဲ့ (၂၀၀,၀၀၀) ဝယ်ယူသွားမည်ဟု ဆိုသည်။ 

ယခုအခါ ရေများပြန်ကျနေသော်လည်း ရေညစ်ညမ်းမှုကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်သည့်အန္တရာယ်ရှိနေကြောင်း သိရသည်။

"ဒီကပ်ဘေးကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ ထရီလီယံနဲ့ချီတဲ့ ရူပီးငွေပမာဏ လိုအပ်လိမ့်မယ်" ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ပြောသည်။ 

ကုလသမဂ္ဂက ပါကစ္စတန်မှ ရေဘေးသင့်သူများကို အကူအညီပေးရန် အမေရိကန်ဒေါ်လာ သန်း (၁၆၀) တောင်းခံထားသည်။ 

ရေဘေးသင့်သူ အများအပြားမှာ Sindh ပြည်နယ်မှဖြစ်ပြီး ထိုပြည်နယ်တွင် ကန်ဘောင်ကျိုးပေါက်မည့် အန္တရာယ်ရှိနေသည့် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံး ရေချိုကန်ကြီး တည်ရှိနေသည်။

ထိုပြည်နယ်အတွင်း လူဦးရေ (၁၀၀,၀၀၀) ကို နေရာရွှေပြောင်းပေးထားသည်ဟု ဆိုသည်။ 

မုတ်သုန်မိုးများ စံချိန်တင် ရွာသွန်းမှုနှင့် ပါကစ္စတန်၏ မြောက်ပိုင်းတောင်တန်းများတွင် ရေခဲမြစ် အရည်ပျော်မှုတို့ကြောင့် ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ရေကြီးမှုအတွင်း နေအိမ်အလုံးပေါင်း (၁.၆) သန်း၊ သယ်ယူပို့ဆောင်ရေး လမ်းမများ (၃,၅၆၄) မိုင်၊ မွေးမြူရေးတိရိစ္ဆာန် အကောင်ရေ (၇၅၀,၀၀၀) ရေထဲမျောပါခဲ့ပြီး စိုက်ပျိုးမြေဧက (၂) သန်းကျော် ရေနစ်မြုပ်ခဲ့သည်။

Sindh ပြည်နယ်ရှိ အစိုးရတာဝန်ရှိသူများက လာမည့် ရက်အနည်းငယ်အတွင်း ရေကျသွားမည်ဟု မျှော်လင့်ထားကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Murtaza Wahab က ပြောသည်။ 

"အခုအချိန်မှာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာက ရေပြန်ကျသွားတာနဲ့ စိုက်ပျိုးရေးတွေ အမြန်ဆုံးလုပ်နိုင်ဖို့ ပြင်ဆင်သွားဖို့ပါ" ဟု ၎င်းက ဆိုသည်။

သို့သော် လာမည့် လအတွင်း နောက်ထပ် မိုးရွာသွန်းမှုရှိလာနိုင်ကြောင်း ခန့်မှန်းထားရာ အခြေအနေ ပိုဆိုးလာနိုင်သည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အကြီးတန်းအရာရှိတစ်ဦးက သတိပေးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောကြားမှုအရ ပါကစ္စတန်တွင် ရေဘေးသင့်နေရာများရှိ လူဦးရေ (၆.၄) သန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ပါကစ္စတန်တွင် ယခုနှစ် မုတ်သုန်ရာသီ မိုးရွာသွန်းမှုမှာ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း နှစ် (၃၀) ပျမ်းမျှ မိုးရွာသွန်းမှုထက် (၁၉၀) ရာခိုင်နှုန်းနီးပါး ပိုများခဲ့ပြီး စုစုပေါင်း မိုးရေချိန် (၁၅.၄) လက်မ ရွာသွန်းခဲ့ပြီးသည်။ 

Sindh ပြည်နယ်တွင် ပျမ်းမျှ မိုးရွာသွန်းမှုထက် (၄၆၆) ရာခိုင်နှုန်း ပိုများခဲ့သည်ဟု ဆိုသည်။

 

Source: Reuters

Photo:  REUTERS/Akhtar Soomro, REUTERS/Fayaz Aziz, AAMIR QURESHI/AFP/GETTY IMAGES, EPA-EFE/STR, Nadeem Khawer / EPA, AFP, Reuters, Getty Images,