နမ့်ခမ်းမြို့တွင် ကလေးတစ်ဦးကို ပြန်ပေးဆွဲသည့်အဖွဲ့အား TNLAကပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေ နှစ်ဦးအရှင်မိ  

နမ့်ခမ်းမြို့တွင် ကလေးတစ်ဦးကို ပြန်ပေးဆွဲသည့်အဖွဲ့အား TNLAကပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေ နှစ်ဦးအရှင်မိ  
အောက်တိုဘာ 11, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် မူကြိုကျောင်းနေအရွယ် ကလေးငယ်တစ်ဦးအား ပြန်ပေးဆွဲခဲ့သည့်အဖွဲ့ကို  TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးသေဆုံးပြီး (၂)ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့အတွင်း မိခင်မှ ကလေးငယ်ကို မူကြိုကျောင်းသို့ သွားပို့နေစဥ် လမ်းခုလတ်၌ ပြန်ပေးဆွဲသည့်အဖွဲ့မှ ကား(၂)စီးဖြင့် ရောက်ရှိလာပြီး ကလေးအား လုယူပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်ကြောင်း TNLAထံမှ သိရသည်။



 

ပြန်ပေးဆွဲသွားစဥ် အဆိုပါနေရာအနီးရှိ ပြည်သူများ၏ သတင်းပေးတိုင်ကြားချက်ကြောင့် TNLA အုပ်ချုပ်ရေးဌာန မန်အောင်ခရိုင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ပြန်ပေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် ကလေးငယ်ကို ကယ်တင်နိုင်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ပြီး ပြန်ပေးအဖွဲ့ထံမှ  Glockပစ္စတိုသေနတ်(၂)လက်၊ Crown ကား(၂)စီး၊ ဖုန်း(၃)လုံး၊ မြန်မာငွေ သိန်း(၂၀)ကျပ်၊ တရုတ်ငွေ (၂၄၀)ယွမ်၊ မြန်မာနိုင်ငံသားမှတ်ပုံတင် (၃)ခုနှင့် တရုတ်နိုင်ငံသို့ ဝင်ခွင့်ဗီဇာကဒ် (၂)ခုတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိထားသည့် တရားခံ(၂)ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)၏ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

#TachileikNewsAgency