ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တပ်စခန်းအား ပစ္စည်းပို့နိုင်ရန် အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တပ်စခန်းအား ပစ္စည်းပို့နိုင်ရန် အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ ကွီလုံးတိုင်စစ်ကောင်စီတပ်စခန်းကို ပစ္စည်းပို့နိုင်ရန်အတွက် စစ်ကောင်စီတပ်က လေကြောင်းမှ အနီးရှိကျေးရွာများအား ပေါင်(၅၀၀)ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းနှင့် နေအိမ်တချို့ ပျက်စီးခဲ့ရကြောင်း KNUဗဟိုက ယနေ့ အောက်တိုဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ကွီလုံးတိုင်တပ်စခန်းကို ပစ္စည်းများ လာရောက်ပို့ဆောင်နိုင်ရန် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့သည် Mi-35P Attack Helicopterတစ်စီးဖြင့် ၎င်းတပ်စခန်းအနီးသို့ နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးအဖြစ် လှည့်ပတ်ပျံသန်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် Yak - 130 Jet Fighter တစ်စီးဖြင့်လည်း တပ်စခန်းအနီးရှိ ထီးသဘျုခီးကျေးရွာသို့ ပေါင် (၅၀၀)ဗုံးတစ်လုံး ကြဲချခဲ့ရာ ပေါက်ကွဲမှုမရှိဘဲ အလုံးလိုက်ပြုတ်ကျကာ ဘုရားကျောင်း၏ သွပ်မိုးနှင့် ဘေးအကာမှန်သားတစ်ချို့ ထိမှန်ပျက်စီးခဲ့ရပြီးနောက် ယင်းတစ်ချိန်တည်းမှာပင် Mi - 17 Transport Helicopterတစ်စီးဖြင့် တပ်စခန်းအတွင်းသို့ အထုပ်အပိုးပစ္စည်းများအား လေထီးများဖြင့် ပစ်ချပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၃)ရက်နေ့ကလည်း Mi-35P Attack Helicopterနှင့် Mi - 17 Transport Helicopter များဖြင့် KNU ဒူးပလာယာခရိုင်သို့ တစ်ရက်အတွင်း (၃)ကြိမ် လာရောက်ခဲ့ပြီး တပ်အင်အားနှင့် ပစ္စည်းများ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻