ချင်းပြည်နယ်အတွင်း မြို့နယ်(၃)မြို့နယ်တွင် အာဏာသိမ်း‌စစ်အုပ်စု နှင့် (၁၁)ရက်အကြာတိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က တပ်သား(၆)ဦးကို အရှင်ဖမ်းမိထားသလို လက်နက်(၅၀)ကျော်လည်း သိမ်းဆည်းရရှိခဲ့

ချင်းပြည်နယ်အတွင်း မြို့နယ်(၃)မြို့နယ်တွင် အာဏာသိမ်း‌စစ်အုပ်စု နှင့် (၁၁)ရက်အကြာတိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က တပ်သား(၆)ဦးကို အရှင်ဖမ်းမိထားသလို လက်နက်(၅၀)ကျော်လည်း သိမ်းဆည်းရရှိခဲ့
ဖေဖော်ဝါရီ 12, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်၊ မတူပီ၊ ထန်တလန်၊ ဟားခါးမြို့နယ်တို့တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁ ရက်မှ ၁၁ ရက်အထိ အာဏာသိမ်းစစ်အုပ်စုနှင့် တိုက်ပွဲများ အတွင်း စစ်အုပ်စုတပ်သား (၆)ဦးကို အရှင်ဖမ်းမိကာ လက်နက်အလက် (၅၀)ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ(၄)ရက်နေ့က Chin National Army(CNA)၏ တပ်မဟာ(၁)နယ်မြေအတွင်း မတူပီမြို့နှင့် ရေဇဝါမြို့ကြား ဇိုတုန်ဒေသကို အင်အား (၁၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို CNA၊ CDF ပူးပေါင်းတပ်များက (၆)ရက်ကြာ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် CNA ၏ တပ်မဟာ (၃)နယ်မြေအတွင်း ရှိ ထန်တလန်မြို့တွင် စစ်အုပ်စုတပ်သား (၆)ဦးကို လက်နက်နှင့်တကွ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီလ (၈)ရက်တွင် ထန်တလန်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အလောင်း (၄)လောင်းနဲ့ လက်နက်အလက် (၄၀)သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် CNA တပ်မဟာ (၄)နယ်မြေ လိုင်တွီးရွာ အနီး၌ ရိက္ခာသယ်ယူနေသာ CNA နှင့် CDF ရိခေါဒါရ် ရဲဘော်များကို ဇိုမီးတော်လှန်ရေးတပ်(ZRA)က ချုံခိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၁၂)ရက်အတွင်း စစ်အုပ်စုက လေယာဉ်ဖြင့် အနည်းဆုံး ၁၀ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့ဗျူဟာကုန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း CNA ရဲဘော် နှစ်ဦးဒဏ်ရာရပြီး (၃)ဦး ကျဆုံးခဲ့ရသည်။