ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းရန် စစ်တပ် ဩဇာခံ အထက်လွှတ်တော်၏ အမတ်ဟောင်းက တောင်းဆို

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းရန် စစ်တပ် ဩဇာခံ အထက်လွှတ်တော်၏ အမတ်ဟောင်းက တောင်းဆို
ဖေဖော်ဝါရီ 2, 2024 | နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံတွင် စစ်တပ် ဩဇာခံ အထက်လွှတ်တော်၏ အမတ်ဟောင်းတစ်ဦးက ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင် Election Commission (EC) ထံ တောင်းဆိုချက် တင်သွင်းလိုက်ကြောင်း သိရသည်။ 

ဘုရင်စနစ် ကာကွယ်သည့် ဥပဒေ ပြင်ဆင်မှုမလုပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက MFP ပါတီကို အမိန့်ချမှတ်ခဲ့ပြီးနောက် ပါတီဖျက်သိမ်းရန် တောင်းဆိုမှုရှိလာခြင်းလည်း ဖြစ်သည်။

အထက်လွှတ်တော် အမတ်ဟောင်း Ruangkrai Leekitwattana က MFP ပါတီကို ဖျက်သိမ်းရန် တောင်းဆိုချက်ကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းလိုက်သည်။ 

နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ၏ ပုဒ်မ (၉၂) အရ ၎င်း၏ တောင်းဆိုချက်ကို တင်သွင်းခြင်းဖြစ်ကြောင်း Ruangkrai က ဆိုသည်။ 

ထိုဥပဒေတွင် ဘုရင်စနစ်ကို ဆန့်ကျင်သည့် သို့မဟုတ် ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းသည့် မည်သည့် နိုင်ငံရေးပါတီကိုမဆို ဖျက်သိမ်းနိုင်ကြောင်း ပြဌာန်းထားသည်။

ပုဒ်မ (၁၁၂) ဟု လူသိများသော တော်ဝင် အသရေဖျက်မှုဥပဒေ ပြင်ဆင်ရန် MFP ပါတီ၏ လုပ်ဆောင်မှုမှာ ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းမှုသဘောသက်ရောက်သည်ဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ အမိန့်ချမှတ်ရာတွင် ဆုံးဖြတ်ခဲ့သည်။ 

ယခုအခါ ထိုအချက်ကို အခြေခံ၍ စစ်တပ် ဩဇာခံ အထက်လွှတ်တော်၏ အမတ်ဟောင်း Ruangkrai က MFP ပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုလာခဲ့ခြင်းလည်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် အနေဖြင့် MFP ပါတီ ခေါင်းဆောင်များကို ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ပိတ်ပင်သင့် မသင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး၏ အဆုံးအဖြတ်ခံယူရန် တောင်းဆိုထားကြောင်းလည်း Ruangkrai က ပြောသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် National Anti-Corruption Commission (NACC) ကိုလည်း MFP ပါတီနှင့် ဆက်စပ်သည့် တောင်းဆိုချက်တစ်ရပ် တင်သွင်းသွားမည်ဟု ၎င်းကဆိုသည်။

ထို့အပြင် လက်ရှိ ညွန့်ပေါင်းအစိုးရကို ဦးဆောင်သည့် Pheu Thai Party နှင့် ပတ်သက်၍လည်း သက်သေအထောက်အထားများ စုဆောင်းနေကြောင်းနှင့် အလားတူ တောင်းဆိုချက်တစ်ရပ် တင်သွင်းခြင်းပြု မပြု ဆုံးဖြတ်သွားမည်ဟု Ruangkrai က ပြောသည်။ 

ထိုင်းနိုင်ငံတွင် စစ်တပ်၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုနှင့် ဘုရင်စနစ်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရန် MFP ပါတီ၏ လုပ်ဆောင်မှုက ဩဇာကြီးမားသော ရှေးရိုးစွဲ အခွင့်ထူးခံလူစုကို ခြောက်လှန့်ခဲ့သည်။

Source: Bangkok Post